October 4, 2024

၃၀.၉.၂၀၂၄
K Pyay Thein

မကြာသေးခင်ရက်ပိုင်းအတွင်း နစက ဘက်က နိုင်ငံရေးအရဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့မှုဟာ လာမယ့် ရွေးကောက်ပွဲကြီးအတွက် ခြေလှမ်းအစဖြစ်သလို ရွေးကောက်ပွဲမှာ အားလုံးပါဝင်လာကြဖို့ လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသူအချို့ကသုံးသပ်ထားကြပါတယ်။

နစကအနေနဲ့ အခုလို နိုင်ငံရေးလမ်းကြောင်းအရဆွေးနွေးဖို့ဖိတ်‌‌ခေါ်ခဲ့ခြင်းဟာ လာမယ့်ရွေးကောက်ပွဲလမ်းကြောင်းကိုသွားနိုင်ဖို့အတွက် အဓိကဦးတည်ချက်ထားတာမျိုးဖြစ်နိုင်တယ်လို့လည်း နိုင်ငံ‌‌ရေးလေ့လာသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

“အခြားလမ်းကြောင်းတစ်ခုကနေ လက်နက်ကိုင် အဖွဲ့တချို့တလေက ငြိမ်းချမ်းရေးအရ၊ နိုင်ငံရေးလမ်း ကြောင်းအရ နစကဘက်ကို ကမ်းလှမ်းထားတာမျိုးရှိနိုင်တယ်။ ဒါကြောင့်မို့ နစကဘက်ကလည်း အခုလိုဖိတ်‌‌ခေါ်စာကို ထုတ်ပြန်လာတယ်လို့ ယူဆရပါတယ်။အခုလို ဆွေးနွေးပွဲတွေလုပ်ဖို့ အခြားလမ်းကြောင်းတွေကနေ ကမ်းလှမ်းထားတဲ့အဖွဲ့တွေ ရှိကောင်းရှိနိုင်တယ်။နောက်တစ်ခုက ဟိုတလောတုန်းကလည်း MNDAA အဖွဲ့က ပြည်ထောင်စုကနေ ခွဲမထွက်ဘူး။ မန္တလေးတို့ဘာတို့ကိုလည်း စစ်‌ရေးအရ မကျုး‌ကျော်ဘူး၊ ဆက်မတိုက်ဘူး၊ ငြိမ်းချမ်း‌ရေးအတွက် ပူး‌ပေါင်းဆောင်ရွက်မယ်ဆိုပြီး ထုတ်ပြန်ထားတာမျိုးရှိတယ်။ အဲ့ဒီကိစ္စရပ်တွေကြောင့်လည်း နစကဘက်က အခုလို ဖိတ်ခေါ်တာ
မျိုးဖြစ်နိုင်တယ်”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

နစက ဘက်ကတော့ နိုင်ငံတကာအခြေအနေတွေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တွေရဲ့သဘောဆန္ဒအရ PDF အပါအဝင် လက်နက် ကိုင်အဖွဲ့အားလုံးကို နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ ပါတီ
နိုင်ငံရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းမှာ ပါဝင်ကြဖို့အတွက် ဖိတ်ခေါ်ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲမသမာမှုဖြစ်ပွားခဲ့ခြင်းနဲ့ နိုင်ငံရေးအရ မသမာမှုများပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံရေးပြဿနာအရ တပ်မတော်က အာဏာကိုရယူထိန်းသိမ်းရခဲ့ခြင်းသာဖြစ်တယ်လို့လည်း နစက ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နစကဘက်က လာမယ့်နှစ်မှာကျင်းပပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာမဟုတ်ရင်တောင်‌ ရွေးကောက်ပွဲကျင်းပလို့ရနိုင်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ကျင်းပနိုင်ဖွယ်ရာရှိ‌နေပြီး နိုင်ငံရေးလမ်းကြောင်းနဲ့ လွှတ်တော်လမ်းကြောင်းကို ပြန်သွားချင်တဲ့ နစကရဲ့ သဘောဆန္ဒကို တွေ့မြင်ရတယ်လို့ နိုင်ငံရေး‌လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“နစကဘက်ကတော့ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ တိုင်းကြီး (၅)တိုင်းလောက်မှာ ရွေးကောက်ပွဲကိုလုပ်ဖို့ ရှိနေတယ်။ ဥပမာ “ဝ”တို့ MNDAA တို့ဒေသလို တိုင်းရင်း သားလက်နက်ကိုင်‌တွေ အင်အားကောင်းပြီး ကြီးစိုးထားတဲ့နေရာတွေမှာတော့ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာအ‌တော်လေးခက်နိုင်မယ်။ အတော်မလွယ်တဲ့အနေအထားရှိတယ်။ သို့‌သော် အခု သူတို့ကနိုင်ငံရေးလမ်းကြောင်းအရသွားမယ်ဆို ရွေးကောက်ပွဲတွေကိုလုပ်လို့ရမယ့်နေရာတွေမှာ အကုန်လုပ်မယ်။ ၁၀ ယောက်ရှိ ၁၀ ယောက်နဲ့လုပ်မယ်၊ ၅ ယောက်ရှိ ၅ ယောက်နဲ့လုပ်မယ်။ နစကဘက်က သူတို့ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲကိုဖြစ်အောင်တော့လုပ်မယ်၊ အဲ့လိုပုံစံမျိုးတွေ့ရတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ကိုခန့်(မန္တလေး)က သူ့ယူဆချက်ကို ပြောပြခဲ့ပါတယ်။

တစ်ဖက်မှာလည်း NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေအနေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဦးတည်လုပ်ဆောင်တိုက်တွန်းမှုတွေလည်းရှိနေတယ်လို့ EAO အဖွဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက “NCA ရေးထိုးထားတဲ့ အဖွဲ့တွေ အကုန်လုံးကတော့ NCA လမ်းကြောင်းအတိုင်းပဲ ဆက်သွားနေတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နဂိုကတည်းကမူဝါဒတွေ လုပ်ငန်းစဉ်တွေ ချမှတ်ထားပြီးဖြစ်တယ်။ ဒါကိုလည်း အဖွဲ့အလိုက်၊ လုပ်ငန်းစဉ်အလိုက်‌ ဖော်ဆောင်နေတာတွေရှိပါတယ်။ လက်ရှိလည်းလုပ်
ဆောင်နေပါတယ်”လို့ ပြောပါတယ်။

နစက ဥက္ကဋ္ဌ အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ အ‌ထွေ‌ ထွေရွေးကောက်ပွဲကြီးကိုမဖြစ်မ‌နေကျင်းပပြုလုပ်ပေးသွားမယ်လို့ အတိအလင်းကြေညာထားပြီး နစကဘက်က ရွေးကောက်ပွဲကို မဖြစ်မနေသွားမယ့်ပုံစံမျိုးကို တွေ့ရတယ်လို့ အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်က ထပ်လောင်း ပြောပြခဲ့ပါတယ်။

“နစကဘက်ကတော့ နိုင်ငံရေးလမ်းကြောင်းအရ သွားမယ်။ ဖက်ဒရယ်စနစ်နဲ့သွားမယ်။ PR လမ်းကြောင်းနဲ့ သွားမယ်။ သူတို့က ဒီသဘောရှိတယ်။ ဒါက‌သေချာတယ်။ ဒါ‌ကြောင့် ရွေးကောက်ပွဲကို မဖြစ်ဖြစ်‌‌အောင်လုပ်ပြီးတော့ လွှတ်တော်တွေကိုပြန်စမယ်လို့ပဲ သုံး
သပ်ရပါတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

Photo – CJ
ပုံစာ – မဲမသမာမှုဖြစ်ခဲ့သော ၂၀၂၀ ပြည့်နှစ်က ပြုလုပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမြင်ကွင်းတစ်ခုအားတွေ့မြင်ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *