October 4, 2024

၃၀. ၉. ၂၀၂၄
Written by Nyein Kyaw

ယခုစက်တင်ဘာလအတွင်း မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးအပါအဝင် တရုတ် စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား ၅၅၇ ဦး စုစုပေါင်း ၈၇၀ ဦးအထိ ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသား တရားခံများကိုမူ နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများဆောင်ရွက်၍ တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား တရားခံ ၅၅၇ ဦး၊ စုစုပေါင်းတရားခံ ၈၇၀ ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အတူ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများဖြစ်သော ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် Scam စက်များအား သိမ်းဆည်း ရမိခဲ့သဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ဒုစရိုက်မှုများ အခြေပြုဆောင်ရွက်လျက်ရှိသည့် အဆောက်အဦများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ချိပ်ပိတ်သိမ်းဆည်း တရားစွဲတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့အား မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား တရုတ်နိုင်ငံအနေဖြင့် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *