October 5, 2024

၃၀.၉.၂၀၂၄
Written by K Pyay Thein

နှစ်ပေါင်း(၇၀)အတွင်း တိုင်းပြည်မှာ စစ်ကြောင့် သေကြေပျက်စီးမှုတွေ အများကြီးရှိခဲ့တဲ့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေ အပါအဝင် အခြား‌‌သောလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ၊ ပြည်သားတွေရဲ့မျက်နှာကိုကြည့်ဖို့လိုပြီလို့ ရခိုင်ပြည်လွတ်
မြောက်ရေးပါတီ (ALP)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

“စစ်ကြောင့် သေကြေပျက်စီးမှုတွေအများကြီးရှိတယ်။အခုနှစ်ပိုင်းတွေအတွင်းမှာကို ဒါတွေအများကြီးဖြစ်ခဲ့တယ်။ စစ်ကြောင့် တိုင်းပြည်က ဆုတ်ယုတ်လာတယ်လို့ပဲ ဆိုရမှာပါ။ ဒီလိုဒုက္ခတွေကို နှစ်ပေါင်းများစွာ ပြည်သူတွေကပဲ ကြုံတွေ့ခံစားနေရတယ်။ ဒါကြောင့် ဖက်ဒရယ်ကိုသွားဖို့လိုတယ်။ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အားလုံးက ဖက်ဒရယ်ကိုသွားချင်ကြတယ်။ ဒါကိုလည်း EAO အဖွဲ့အားလုံးက လက်ခံထားကြတယ်။ တိုင်း
ပြည်ရဲ့မျက်နှာကို ကြည့်ဖို့လိုတယ်။ ပြည်သူ၊ ပြည်သားတွေရဲ့မျက်နှာကိုကြည့်ဖို့လိုပါတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေ အပါအဝင် အခြားသောလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ဦးနဲ့တစ်ဦးကြားမှာ Respect ရှိဖို့လိုတယ်လို့လည်း သူကဆိုပါတယ်။

“အခုက တိုင်းပြည်က စစ်ဘောင်တွေကျယ်လာတယ်။ အဲ့ဒီအတွက် ဒါတွေကိုပြီးဆုံးစေဖို့ စကားဝိုင်းဆွေးနွေးပွဲတွေမှာ EAO တွေအားလုံးပါဝင်လာဖို့ ကျွန်မတို့အနေနဲ့ အရင်ကတည်းက တိုက်တွန်းတာတွေ ရှိပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ Respect ရှိရမယ်။ ကြီးနိုင်ငယ်ညှင်းလုပ်တာတွေလည်းမရှိရဘူး‌ပေါ့လေ။ ဘယ်အဖွဲ့အစည်းတွေရဲ့ကြားမှာပဲဖြစ်ဖြစ် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းဖို့လိုပါတယ်”လို့ သူရဲ့အမြင်ကို ထပ်လောင်းပြောပြပါတယ်။

အဲ့ဒီအပြင် နိုင်ငံရေးစကားဝိုင်းတွေဖြစ်ပေါ်လာဖို့ အပစ်ရပ်လက်မှတ်ရေးထိုးထားကြတဲ့ NCA၊ EAO အဖွဲ့တွေက နဂိုတည်းက မူဝါဒနဲ့လုပ်ငန်းစဥ်‌တွေကိုချမှတ်ပြီး တိုက်
တွန်း‌လုပ်ဆောင်နေတာတွေလည်းရှိတယ်လို့
ဒေါ်စောမြရာဇာလင်းက ပြောပြပါတယ်။

“NCA လက်မှတ်ရေးထိုးထားကြတဲ့ အပစ်ရပ်အဖွဲ့တွေအားလုံးကတော့ NCA မူအတိုင်းပဲ ဆက်သွားနေပါတယ်”လို့ သူမက ထပ်လောင်း ပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)ကတော့ အခု ၂၀၂၄ ခုနှစ်ရဲ့ပြီးခဲ့တဲ့ မတ်လအတွင်းမှာ မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေဟာ နိုင်ငံရဲ့တိုင်းဒေသကြီးနဲ့ပြည်နယ် အများအပြားမှာ အရှိန်မြင့်တက်လျက်ရှိတယ်လို့ မကြာသေးခင်က သူတို့ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ပါတီဟာ ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အတွင်းမှာ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ရေးထိုးခဲ့တဲ့ လက်နက်ကိုင် EAO အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

Photo – 7 EAO Alliance

Leave a Reply

Your email address will not be published. Required fields are marked *