October 5, 2024

၃၀.၉. ၂၀၂၄
Written by Shwe Phyo

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည် ၎င်းတို့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ လိုက်ပါသည့် ငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးခဲ့ပြီး ငါးဖမ်းသင်္ဘောသားများကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဖိလစ်ပိုင် သတင်းများတွင် ဖော်ပြထားသည်။

ငါးဖမ်းလှေကို ဖိလစ်ပိုင်နိုင်ငံ၏ရေပိုင်နက်ဖြစ်သော Silanguin Cove အရပ်ဒေသနားတွင် တားဆီးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းလှေပေါ် လိုက်ပါလာသောမြန်မာနိုင်ငံသား ၇ ဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ Euphraim Jayson Diciano ကပြောသည်။

အဆိုပါငါးဖမ်းလှေသည် အောင်နိုင်သူအမည်ရှိ ငါးဖမ်းလှေဖြစ်ကြောင်း၊ ငါးဖမ်းလှေသည် ဖိလစ်ပိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်အထောက်အထား မှတ်တမ်းများပါဝင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲက ” ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ မြန်မာသံရုံးအပြင် မြန်မာကောင်စစ်ဝန်ရုံးနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေတယ်။ ငါးဖမ်းလှေပေါ်မှာ လိုက်ပါလာသူတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ အရေးယူခံရမှာဖြစ်တယ်”ဟု ပြောသည်။

အောင်နိုင်သူအမည်ရှိငါးဖမ်းလှေကို ပိုင်ဆိုင်သူသည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင်နေထိုင်နေသည့် မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းနိုင်ငံ ဆူရက်တာနီဒေသရှိ လှေပေါ်တွင် အလုပ်လုပ်ရန်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အောင်နိုင်သူအမည်ရှိငါးဖမ်းလှေသည် ထိုင်းနိုင်ငံ ဆူရက်တာနီဒေသမှတစ်ဆင့် မလေးရှားနှင့် စင်ကာပူရေလက်ကြားများကို ဖြတ်သန်းကာ ဖိလစ်ပိုင်ရေပိုင်နက်အတွင်း တရားမဝင်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

REF, inquirer

Leave a Reply

Your email address will not be published. Required fields are marked *