October 5, 2024

၃၀. ၉. ၂၀၂၄
Written by Tha Doe

ဘယ်လာရုစ်နိုင်ငံ သမ္မတ အလက်ဇန္ဒားလူကာရှန်ကို က တိုင်ဖွန်းမုန်တိုင်းရာဂီဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို နိုင်ငံတော် ဝန်ကြီးချုပ်၊ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် မြန်မာနိုင်ငံက ရာနဲ့ချီတဲ့ပြည်သူတွေဟာ ဘေးဒုက္ခရဲ့ သားကောင်တွေဖြစ်ခဲ့ရလို့ ဝမ်းနည်းပါကြောင်းနဲ့ ပြင်းထန်လှတဲ့ ပျက်စီးဆုံးရှုံးမှုဟာ အမျိုးသားအကျိုးစီးပွားကို ထိခိုက်ပျက်စီးစေခဲ့သလို ခက်ခဲလှတဲ့ ဒီအခြေအနေမှာ ဘယ်လာရုစ်ပြည်သူတွေကိုယ်စား တိုင်ဖွန်းမုန်တိုင်းဒဏ်ခံစားရတဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် ဝမ်းနည်းရပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်လို့ လူကာရှန်ကိုက ​သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ရာဂီမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ ဒီအခြေအနေဆိုးကနေ အမြန်လွန်မြောက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေ အမြန်ဆုံး ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ပြည်သူတွေဟာ လုံခြုံမှုနဲ့တည်ငြိမ်မှုကို အမြန်ဆုံးပြန်လည်ရရှိဖို့လည်း လူကာရှန်ကိုက ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ရေကြီးရေလျှံတာ မြေပြိုတာကြောင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း စာရင်းအရ နိုင်ငံတဝှမ်းမြို့နယ် ၁၁၀ မြို့နယ်က လူနေအိမ် ၁၁၅၀၀၂ လုံး၊  ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှု ၁၇၆၂၄၆ ကောင်အထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်မတိုင်ခင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့ညွှန်ကြားထားသလို ပြည်သူတွေဆီက ကျပ် ၄၂ ဘီလျံကျော် အလှူခံရရှိထားသလို နိုင်ငံတော်ကလည်း ကျပ်ဘီလျံ ၃၀ အသုံးပြုသွားမှာဖြစ်ပါတယ်။

ဘီလာရုစ်သမ္မတလူကာရှန်ကိုဟာ သူ့ နိုင်ငံမြေပေါ်မှာ SAC အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နွေးထွေးစွာကြိုဆိုနှုတ်ဆက်ဖို့ ဆန္ဒရှိနေပြီး နှစ်နိုင်ငံကြား အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးဆုံးဖြတ်လိုကြောင်းလည်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ဘီလာရုစ်နဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးသံတမန်တည်ထောင်မှု ၂၅ နှစ်ပြည့် မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *