October 5, 2024

◾ ရေကြီးနိုင်သည့် အန္တရာယ်အပြင် တောင်ကျ ချောင်းရေနှင့် တောင်ပြို-မြေပြိုဖြစ်နိုင်မည့် ဆိုးကျိုး ပိုများလာနိုင်ဟု မိုးလေဝသသုံးသပ်သူ ခန့်မှန်း

၃၀.၉. ၂၀၂၄
Written by Thettant

ယနေ့ စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းမှ အောက်တိုဘာ ၅ ရက်အတွင်း နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုတွင် မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးသတိပေးထားသည်။

ထို့အတူ လက်ရှိကမ္ဘာပေါ်တွင် အတ္တလန္တိတ်သမုဒ္ဒရာအပေါ် ဟာရီကိန်းမုန်တိုင်း အိုင်ဆက်နှင့် အပူပိုင်းမုန်တိုင်း ဂျွိုက်စ်၊ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာအပေါ် တိုင်ဖွန်းမုန်တိုင်း ကာရာသောင်န်နှင့် အပူပိုင်းမုန်တိုင်းဂျယ်ဘီတို့ရှိနေပြီး မြန်မာနိုင်ငံကိုမူ အားအပြင်းဆုံး CAT-4 အဆင့်ဖြစ်လာမည့် တိုင်ဖွန်းမုန်တိုင်း ကာရာသောင်န်က သက်ရောက်စေမည်ဖြစ်ကာ ကာရာသောင်န်အရှိန်ကြောင့် အနောက်တောင်လေနှင့် အရှေ့မြောက်လေစီးကြောင်းတို့ အားကောင်းစေမည်ဖြစ်ကြောင်း၊ အနောက်တောင်မုတ်သုံလေစီးကြောင်းနှင့် အရှေ့-အရှေ့လေစီးကြောင်းပေါ်မှ ဆွဲသွင်းလာသည့်မမိုးတိမ်များကြောင့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၅ ရက်အတွင်း မိုးရွာစေနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က သုံးသပ်ထားသည်။

” အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ပြီးခဲ့တဲ့ ခန့်မှန်းချက်ထက် မိုးပိုများနိုင်လာတာကို တွေ့ရပါတယ်။ ရေကြီးနိုင်တဲ့ အန္တရာယ်အပြင် တောင်ကျ ချောင်းရေနဲ့ တောင်ပြို-မြေပြိုဖြစ်နိုင်မဲ့ Risk တွေ ပိုများလာနိုင်ပါမယ်။ ကျန်ပြည်နယ်တိုင်းတွေမှာလည်း မိုးရွာနိုင်ချေက အရင်ခန့်မှန်းချက်ထက် အနည်းငယ် ပိုနိုင်ပါမယ်။ အခု ခန့်မှန်းချက် Reference အချိန်က
စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီမှ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီအထိ ၄၈ နာရီအတွင်း ဖြစ်နိုင်တဲ့ မိုးရေချိန်ခန့်မှန်းဖြစ်ပါတယ်”ဟု ဦးဝင်းနိုင်က ယနေ့ နေ့လယ် ၂ နာရီခွဲမိုးလေဝသအခြေအနေတိုင်းထွာမှုအပေါ် ခန့်မှန်းသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း ယနေ့မွန်းလွဲမှ အောက်တိုဘာ ၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်ထားသည်။

ပုံစာ။ ယနေ့မှ လာမည့်ငါးရက်အတွင်း မိုးလေဝသခန့်မှန်းမှုပုံရိပ် (ဓာတ်ပုံ – မိုးဇလ/ဦးဝင်းနိုင်)

Leave a Reply

Your email address will not be published. Required fields are marked *