October 5, 2024

၃၀.၉.၂၀၂၄
Written By Thandar

ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုဦးဆောင်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)က အသင်းသားတွေနဲ့အတူ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ ရေဘေးသင့်တွေကို ရေဘေးကူညီထောက်ပံ့ရေးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော်တို့ နာရေးကူညီမှုအသင်းအနေနဲ့ လာရောက်လှူဒါန်းကြတဲ့ ခုနှစ်ရက်သားသမီးတွေ ပါဝင်လှူဒါန်းလာတဲ့ အဝတ်အထည်တွေ၊ ဆေးဝါးတွေ၊ ငွေကြေးတွေကို ဆက်လက်ကောက်ခံရရှိနေတာပါ။ ဒီ လှူဒါန်းလာကြတဲ့ ငွေတချို့ကို လိုအပ်တာတွေဝယ်ပြီး လှူဒါန်းသလို အဖက်ဖက်က ပါဝင်လှူကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ယုံကြည်စွာလှူဒါန်းပေးကြသူတွေလည်း ပြန်လည် သိရှိနိုင်ဖို့အတွက် ဒီဘက်က Post တချို့ တင်ပေးဖြစ်ပါတယ်။ ခုချိန်မှာ တကယ်လိုအပ်တဲ့နေရာတွေကို ကျွန်တော်တို့အဖွဲ့က ထိထိရောက်သွား လှူဖြစ်နေပါတယ်။ ဒီလှူဒါန်းမှုအတွက် ခုနစ်သားသမီးတွေလည်း ကုသိုလ်ပွားများနိုင်ပါစေ”လို့ နာရေးကူညီမှုအသင်းတာဝန်ရှိသူက ပြောပါတယ်။

သူတို့အဖွဲ့ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်(အင်းလေးဒေသ)ရှိ ကျေးစားကုန်းကျေးရွာကို စက်တင်ဘာ ၂၉ ရက်က စောင်၊ ခြင်ထောင်၊ စည်သွပ်ဗူး၊ ဖယောင်းတိုင်၊ ဆန်၊ စတီးဇလုံ၊ ပါရာစီတမောလ်၊ အမျိုးသမီးလစဉ်သုံး၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ စီဗစ်၊ မိုးကာရေဖျင်စ အစရှိတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ ဆေးဝါးတွေကို ပြန်လည်ထူထောင်ရေးအတွက် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့ပြင် မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ လွန်းထိုး ကျေးရွာနဲ့ သဖန်းဆိပ်ကျေးရွာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်အတွင်းရှိ ရွှေတောကျေးရွာ၊ စေတီတောင်ကျေးရွာ၊ မိထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ မြောက်ကိုင်းကျေးရွာနဲ့ အောင်သာကျေးရွာ စတဲ့နေရာ တွေကို လူသုံးကုန်ပစ္စည်း ၊ အစားအသောက်ဆေးဝါးတွေကို ထပ်မံလှူဒါန်းမှုတွေ စဥ်ဆက်မပြတ် လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *