October 4, 2024

◾ ရေဘေးအလှူအတွက် လာပို့ထားသည့် ဆန်အိတ်များအတွင်းမှ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိသူများ အမှတ်(၂) တပ်မတော် ဆေးရုံ(ခုတင်-၅၀၀)တွင် ကုသမှုခံယူနေ

၃၀.၉.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးရုံးနှစ်ခုတွင် ဗုံးပေါက်၍ ၁၁ ဦးဒဏ်ရာရကာ တစ်ဦးစိုးရိမ်ရကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က အဆိုပါ အလတ်ချောင်းနှင့် စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှစ်ခုတွင် Smart Card ပြုလုပ်နေစဉ် ရေဘေးအလှူဟုဆိုကာ ပို့ဆောင်ထားသော ဆာလာအိတ်အတွင်းမှ ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဗုံးပေါက်ကွဲမှုကြောင့် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိနေသည့် ကျား ၄ ဦး၊ မ ၃ ဦး၊ ပေါင်း ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအထဲမှ ကျား ၁ ဦး (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကာ ကျန် ကျား ၃ ဦး မ ၃ ဦး၊ ပေါင်း(၆)ဦးမှာ (မစိုးရိမ်ရ)ဒဏ်ရာရရှိကြောင်း၊ အလားတူ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျား ၃ ဦး၊ မ ၁ ဦး၊ ပေါင်း(၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား စက်ဆန်းနယ်မြေရဲစခန်း၊ ဒုရဲအုပ် စတေဇာအောင်နှင့်အဖွဲ့က အမှတ်(၂)တပ်မတော် ဆေးရုံ (ခုတင်-၅၀၀)သို့ နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် စက်ဆန်းဘက်ကမ်းမှ သမ္မာန်ရေယာဉ်ဖြင့် ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်းသို့ ပို့ဆောင်ကာ ကြည့်မြင်တိုင်မြို့နယ်မှ ရောင်စဉ်မဲ့လူမှုကူ ညီရေးယာဉ်ဖြင့် အမှတ် (၂)တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)သို့ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် အခင်းဖြစ်နေရာကို လူအသွားအလာကန့်သတ်ထားရှိပြီး အမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းသို့ အကြောင်းကြားထားရှိကြောင်း သိရသည်။

“အခုကတော့ အဲဒီပေါက်ကွဲတဲ့နေရာတစ်ဝိုက်မှာ တခြားပေါက်ကွဲတတ်တာတွေ ကျန်နေသေးလားဆိုတာကို သက်ဆိုင်ရာက စစ်ဆေးလုပ်ဆောင်နေကြဆဲပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *