October 4, 2024

၃၀. ၉. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာဈေး ကျပ် ၅၀၀၀ အောက်သို့ ဆက်တိုက်ကျဆင်းခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၇၅၀ သို့ ဆက်လက်ကျဆင်းလာခဲ့သဖြင့် ပြည်ပမှတင်သွင်းသည့် လူသုံးကုန်ပစ္စည်းအချို့ကို ပုံစံမျိုးစုံဖြင့် ဈေးနှုန်းလျှော့ရောင်းချလာကြကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်မှစတင်၍ ဒေါ်လာဈေးနှုန်းသည် ကျပ် ၅၀၀၀ အောက်သို့ ဒုတိယအကြိမ်ကျဆင်းခဲ့ပြီး ပထမအကြိမ်ကျဆင်းခဲ့သလို နာရီပိုင်းသာ ကျဆင်းခဲ့ခြင်းမဟုတ်ဘဲ ရက်အလိုက်ဆက်တိုက်ကျဆင်းခဲ့၍ စက်တင်ဘာ ၃၀ ရက် ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၇၅၀ သို့ ကျဆင်းခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းလာချိန်တွင် ပြည်ပမှတင်သွင်းရသည့် လူသုံးကုန်ပစ္စည်း ရောင်းချသူများက ကုန်ပစ္စည်းများကို တရားဝင်ဈေးနှုန်းလျှော့ချ သတ်မှတ်ပေးခြင်းထက် ငွေသားလက်ဆောင်ပြန်ပေးခြင်း၊ အခြားသော Promotion များကိုသာ ပြန်ပေးသည့် ပုံစံမျိုးဖြင့် ဈေးနှုန်းလျှော့ချ ရောင်းချနေခြင်းဖြစ်သည်။

“အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အရင်ခုနစ်သိန်းတန်တဲ့ ဖုန်းက အခုဆို ၆၁၀,၀၀၀ ပဲရှိတော့တာ။ ဒါပေမဲ့ ဈေးနှုန်းကို ၆၁၀,၀၀၀ လို့ မလျှော့ချလိုက်ဘဲနဲ့ Cash Back (ငွေသားပြန်ပေးတဲ့) ပုံစံနဲ့ ငွေသားကိုးသောင်း ပြန်ပေးလိုက်တယ်။ ဘာလို့ဆို ဈေးနှုန်းချပြီးရင် ဒေါ်လာဈေးပြန်တက်တဲ့အခါ ဈေးပြန်တက်ဖို့ကြတော့ အဆင်မပြေဘူးလေ” ဟု ရန်ကုန်မြို့တွင်းရှိ ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ပြီးခဲ့သည့် ဩဂုတ်လအလယ်တွင် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးအထိ မြင့်တက်ခဲ့၍ ဗဟိုဘဏ်မှ ဒေါ်လာသန်းရာနှင့်ချီ အလုံးအရင်း ထုတ်ပေးခဲ့သောကြောင့် ဒေါ်လာဈေးနှုန်း ပြန်လည်ကျဆင်းလာခဲ့ရာ စက်တင်ဘာ ၉ ရက်နေ့တွင် ကျပ် ၅၀၀၀ အောက်သို့နာရီပိုင်းသာ ပြန်ကျဆင်းခဲ့ပြီး လက်မည်းသမားများက တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ ပြန်လည်ဆွဲတင်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်၌ ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးနှုန်းများမှာ စက်တင်ဘာ ၂၆ ရက်တွင် တစ်ဒေါ်လာ ၅၀၀၀ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၄၉၀၀ ကျပ်၊ စက်တင်ဘာ ၂၈ ရက်တွင် တစ်ဒေါ်လာ ၄၈၂၀ ကျပ်၊ စက်တင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ၄၇၅၀ ကျပ်၊ စက်တင်ဘာ ၃၀ ရက် (ယနေ့) နံနက်ပိုင်းတွင် တစ်ဒေါ်လာ ၄၇၅၀၀ ကျပ်သို့ ရက်အလိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *