October 4, 2024

၃၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

နီပေါနိုင်ငံတွင် ကယ်ဆယ်ရေးအဖွဲ့များက မြို့တော်ခတ္တမန္ဒူအနီးတွင် မြေပြိုမှုများ၌ သေဆုံးခဲ့သူ အများအပြားကို ဘတ်စ်ကားများနှင့် အခြားမော်တော်ယာဉ်များမှ ထပ်မံတွေ့ရှိခဲ့ရာ ရေကြီးမှုများနှင့် မြေပြိုမှုများအတွင်း သေဆုံးသူအရေအတွက် စုစုပေါင်း ၁၉၂ ဦးအထိမြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူများလည်း အများအပြားရှိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၂၉ ရက်တွင် ပြောကြားခဲ့ကြသည်။

နီပေါရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်အရ ရေကြီးမှုများနှင့် မြေပြိုမှုများအတွင်း လူ ၁၀၁ ဦး ဒဏ်ရာရခဲ့ပြီး ၅၀ ဦးခန့် ပျောက်ဆုံးနေကြောင်း သိရသည်။ နိုင်ငံ၏ တောင်တန်းထူထပ်သော ဒေသများရှိကျေးရွာများမှ ထိခိုက်သေဆုံးရသူ စာရင်းများထပ်မံရရှိခဲ့ပါက စုစုပေါင်းသေဆုံးမှုစာရင်းမှာ ယခုထက်မြင့်တက်လာနိုင်သေးကြောင်းလည်း ခန့်မှန်းရသည်။

ခတ္တမန္ဒူမြို့၏တောင်ဘက်ပိုင်းတွင် နေထိုင်ခဲ့သူများဆိုလျှင် စက်တင်ဘာလ ၂၈ ရက်အထိ ရေလွှမ်းမိုးခံနေရဆဲဖြစ်ပြီး ခတ္တမန္ဒူမြို့အတွင်း ရေကြီးမှုများကြောင့် သေဆုံးရသူ အနည်းဆုံး ၃၄ ဦးရှိခဲ့ရာ နီပေါနိုင်ငံ၏ အဆိုးဝါးဆုံးရေဘေးဒဏ်ဖြစ်ခဲ့ရသည်။

မုတ်သုန်မိုးရာသီကာလ မိုးများက သုံးရက်ခန့်သည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၂၉ ရက်၌ နီပေါနိုင်ငံတွင် ရာသီဥတု ပြန်လည်ကောင်းမွန်လာခဲ့ရာ ကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေကြဆဲဖြစ်သည်။ သို့သော် မြို့တော်ခတ္တမန္ဒူ အပြင်ဘက်ရှိ အဝေးပြေးလမ်းမကြီး သုံးခုလုံးမှာ မြေပြိုမှုများကြောင့် ပိတ်ဆို့နေကြဆဲဖြစ်ရာ ခတ္တမန္ဒူမြို့မှာ စက်တင်ဘာလ ၂၉ ရက်အထိ ပို့ဆောင်သွားလာမှု ပြတ်တောက်နေရသည်။

ခတ္တမန္ဒူသို့လာသော ဘတ်စ်ကားနှစ်စီးမှ မြေပြိုမှုတစ်ခုအတွင်း မြေအောက်သို့ရောက်ရှိ သေဆုံးနေသူ ၁၄ လောင်းကို ကယ်ဆယ်ရေးသမားများက ပြန်လည်တွေ့ရှိခဲ့သည်။ စက်တင်ဘာလ ၂၉ ရက်၌လည်း မြေပြိုမှုဒဏ်ခံခဲ့ရသော ယာဉ်များအတွင်းမှ သေဆုံးနေသူ ၂၃ ဦးကို ခတ္တမန္ဒူမှ ၁၀ မိုင်(၁၆ ကီလိုမီတာ) ကွာသည့် ထိုနေရာ၌ပင် ထပ်မံတွေ့ရှိခဲ့ပြန်သည်။ ကယ်ဆယ်ရေးလုပ်သားများအနေနှင့် မြေအောက်သို့ ရောက်ရှိဖုံးလွှမ်းခံနေရသူများကို ထပ်မံတွေ့ရှိနိုင်ရန် ရှာဖွေနေကြဆဲဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများတွင် စစ်တပ်နှင့် ရဲများပါ ပါဝင်ဆောင်ရွက်နေကြပြီး မြေပြိုမှုများကြောင့် လမ်းပိတ်ဆို့မှုများကို ရှင်းလင်းရန် စက်ယန္တရားကြီးများကို အသုံးပြုလျက်ရှိကြသည်။ အစိုးရကလည်း နိုင်ငံတစ်ဝန်း ကျောင်းများနှင့် ကောလိပ်များကို နောက်ထပ်သုံးရက်ပိတ်ထားကြောင်း စက်တင်ဘာလ ၂၉ ရက်က ကြေညာခဲ့သည်။

Ref- Thai PBS

Leave a Reply

Your email address will not be published. Required fields are marked *