October 4, 2024

၃၀.၉.၂၀၂၄
Written By Thandar

သရုပ်ဆောင် ဆုပန်ထွာနဲ့ အနုပညာရှင်တွေက “တေးအလှူ၊ ရေဘေးအလှူ”အစီအစဉ်နဲ့ ကလော၊ ညောင်ရွှေရှိ ရေဘေးသင့်ပြည်သူတွေနဲ့ စစ်ရှောင်တွေအတွက် စားသောက်ကုန်တွေနဲ့ ငွေကြေးတချို့ လှူဒါန်းခဲ့သလို တေးသီချင်းတွေ ဖျော်ဖြေပေးခဲ့ကြပါတယ်။

“မပန်တို့ အဖွဲ့လိုက်က KBZ Bank နဲ့ အတူတူ ရေဘေးကယ်ဆယ်ရေးကူညီဖို့ ကလောမြို့ကို စသွားခဲ့တယ်။ ကလောမြို့ရောက်တော့လည်း ရေဘေးသင့်ပြည်သူတွေအတွက် “တေးအလှူ၊ ရေဘေးအလှူ” အစီအစဉ်လေးနဲ့ဆက်ပြီးတော့ လုပ်ဖြစ်ပါတယ်။ ကလော၊ ညောင်ရွှေမှာရှိတဲ့ တကယ်လိုအပ်သော စစ်ရှောင်၊ ရေဘေးရှောင်တွေဆီကို ထိထိရောက်ရောက်လှူ ဖြစ်ခဲ့ကြပါတယ်။ ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။ မပန်တို့ ဇင်မျိုး၊ ကျော်ကျော်၊ ဆုမြတ်နိုးဦး၊ ကိုငှက်ပျောကြော်အဖွဲ့ လိုက်က သူတို့တွေ စိတ်ခေတ္တ ပင်ပန်းမှုတွေလျော့ချလိုက်တဲ့ သဘောလေးနဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်”လို့ သရုပ်ဆောင်ဆုပန်ထွာက ပြောပါတယ်။

အဆိုပါ လှူဒါန်းမှုမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ ငှက်ပျောကြော်၊ ဇင်မျိုး၊ ကျော်ကျော်၊ ဆုမြတ်နိုးဦး စတဲ့သူတွေက ဆန်၊ ခေါက်ဆွဲခြောက်၊ စည်တော်ကြီးလက်ဖက်၊ ပြည့်စုံမွန် မေမေ့လက်ရာ အသင့်စား အစားအစာစတာတွေ လူအယောက် ၂၀၀၀ ကျော် မျှဝေလှူဒါန်းခဲ့ကြပါတယ်။ ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောင်ငူမြို့နယ်အတွင်း ရေးဘေးသင့်နေရာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

“မြတ်နိုးတို့ဘက်က ခုလို ရေဘေးအတွက် လူတိုင်းအခက်အခဲဖြစ်နေတာဆိုတော့ ကိုယ်ဘက်က နိုင်သလောက် ပါဝင်ကူညီဖြစ်ပါတယ်။ ကိုယ်တွေကို တွေ့တော့ သူတို့လည်း ဝမ်းသာပီတိဖြစ်ကြတယ်လေ။ တော်တော် စိတ်သက်သာရကြတယ်တော့ ကိုယ်တွေလည်း လှူဒါန်းရကျိုးနပ်ပါတယ်။ မြတ်နိုးတို့ သွားလှူတဲ့အချိန်မှာလည်း အဖက်ဖက်က ဝိုင်းဝန်းလှူဒါန်းကြတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် ဆုမြတ်နိုးဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *