October 4, 2024

MT News
၃၀. ၉. ၂၀၂၄

လက်ရှိတိုက်ခတ်နေသော ဟာရီကိန်း Helene ကြောင့် လူ ၁၁၀ သေဆုံးမှုများရှိနေ၍ အမေရိကန်ရောက်မြန်မာများ ကြိုတင်ပြင်ဆင်ရန် ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထားသည်။

အမေရိကန်နိုင်ငံတွင် ဆယ်စုနှစ်ကာလများအတွင်း အကြီးမားဆုံးသော ဟာရီကိန်းမုန်တိုင်း Helene သည် ပြင်းအားအဆင့် (၄) ၊ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် (၁၄၀) နှုန်း ဖြင့် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းကတည်းက ဖလော်ရီဒါပြည်နယ် Big Bend ဒေသသို့ စတင် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး၊ ဂျော်ဂျီယာပြည်နယ်၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ တင်နက်ဆီ ပြည်နယ်နှင့် ဗာဂျီနီးယားပြည်နယ်တို့၌ ဆက်လက်တိုက်ခတ်လျက်ရှိကြောင်း၊ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ လူ ၁၁၆ ဦးအထက် သေဆုံးမှုများနှင့် အိုးအိမ်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

သို့ပါ၍ အဆိုပါပြည်နယ်များနှင့် ဝန်းကျင်တွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသအာဏာပိုင်များ၏ သတိပေးထုတ်ပြန်ချက်များကို အထူးအလေးထား လိုက်နာသွားရန် လိုအပ်ကြောင်း၊ အဆောင်နေကျောင်းသားများအနေဖြင့် သက်ဆိုင်ရာ အဆောင်တာဝန်ခံ၊ တက္ကသိုလ် တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များကိုလည်း လိုက်နာသွားရန် လိုအပ်ကြောင်းနှင့် မုန်တိုင်းကာလအတွင်း တစ်ကိုယ်ရေ လုံခြုံစွာရပ်တည်နိုင်ရန် ကြိုတင်ပြင်ဆင်ထားနိုင်ရေး အထူးသတိပေးဆော်ဩထားသည်။

ကြိုတင်ပြင်ဆင်ရမည့်အချက်များအဖြစ် National Hurricane Center (NHC) (www.nhc.noaa.gov) ကဲ့သို့ သတင်းဌာနများကို စောင့်ကြည့်ခြင်းအပြင် ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီ (FEMA) (www.fema.gov) ၏ App နှင့် မိုးလေဝသတင်းဆိုင်ရာ Application များကို Download ရယူ စောင့်ကြည့်ခြင်း၊ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ ကျောင်းသားကတ်၊ အခြားစိစစ်ရေးကတ်၊ ဘဏ်စာရွက်စာတမ်း/ဘဏ်ကတ်၊ ကျန်းမာရေးအာမခံကတ်ကဲ့သို့ အရေးကြီး စာရွက်စာတမ်းများ၊ ရေ၊အစားအသောက်၊ ဆေးဝါး၊ ပတ်တီး၊ ပိုးသတ်ဆေး ကဲ့သို့ ရှေးဦးသူနာပြု First Aid Kit နှင့် ဖုန်းအားသွင်း ကိရိယာများကို စုစည်းထားခြင်း၊ ဖုန်းအား ဖြည့်ထားခြင်း၊ မုန်တိုင်း ကျချိန်တွင် Text Messages ဖြင့် အဓိကထားဆက်သွယ်ခြင်း၊ အရေးပေါ်ထွက်ပေါက် လမ်းကြောင်းများကို ကြိုတင်လေ့လာခြင်း၊ ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ခိုလှုံရန် ကြိုတင်စီစဉ်ခြင်း၊ မိတ်ဆွေများအား ရောက်ရှိရာ နေရာအား အသိပေးထားခြင်း၊ ဒေသန္တရအရေးပေါ်ဌာနများ၏ ဖုန်းအမှတ်များအား မှတ်သားထားကြရန်နှင့် အရေးပေါ် အခြေအနေတွင် ၉၁၁ သို့ ခေါ်ဆိုခြင်း၊ လိုအပ်ပါက မြန်မာသံရုံး၏ Hot Line ဖုန်းနံပါတ် (၂၀၂) ၅၀၇ ၂၁၉၂ သို့ ဆက်သွယ်ခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *