October 4, 2024

၂၉. ၉. ၂၀၂၄
Written by Tha Doe

အိမ်ခြံမြေစျေးဟာ အထိန်းအကွပ်မရှိတက်လာတာကြောင့် ကျပ် သိန်း ၅၀၀ သုံးရင်ကို လူ့အဆင့်အတန်းမှီတဲ့ နေအိမ်ခြံဝင်းမရနိုင်တော့တဲ့ ရန်ကုန်မှာ အငှားစျေးကွက်လည်း မြင့်တက်လာပြန်ပါတယ်။ ခြံဝင်းတွေ စျေးတက်သလိုမျိုးပဲ အရင်က သိန်း ၄၀၀ လောက်ဆို တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတလို မြို့လယ်နဲ့မဝေးတဲ့နေရာတွေမှာ တိုက်ခန်းရှာလို့ရပေမဲ့ အခုတော့ သိန်းထောင်ချီစျေးခေါ်ကုန်ကြတာကြောင့် အငှားစျေးလည်း တက်လာတာပါ။

စျေးတွေဟာလည်း နှစ်ဆ တက်လာတာ တွေ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အကုန်ပိုင်းအထိ ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှားစျေးကွက်ဟာ ၃ လွှာ၊ ၄ လွှာဆိုရင် ၂ သိန်း ပတ်ခြာလည်ပဲရှိရာက အခု ၂၀၂၄ ခုနှစ်ထဲမှာ ၃ လွှာ၊ ၄ လွှာဆိုရင်ကို တစ်လငှားခက ၄ သိန်း ပတ်ခြာလည်ဖြစ်လာတာကြောင့် ပြည်သူလူထုကြားမှာ ကျောတစ်ခင်းစာရဖို့ ပိုမိုပြီး ခက်ခဲလာနေတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။

၂၀၂၃ အကုန်ပိုင်းကစပြီး မြင့်တက်လာတဲ့စစ်ရှိန်နဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုကြားမှာ ရှမ်းမြောက်နဲ့ ရခိုင်၊ ချင်း၊ ကယား စတဲ့ ပြည်နယ်တွေကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမှုနဲ့အတူ ပြည်သူတွေက ဘေးကင်းရာစစ်ရှောင်ကြရတာ၊ လားရှိုးနဲ့ ရမခပါသွားအပြီးမှာ မန္တလေးဟာလည်း ရှမ်းမန်းစစ်ဆင်ရေး၊ မြင်းခြံဒေသအထူးစစ်ဆင်ရေးနဲ့ လှုပ်ခတ်လာတဲ့အပြင် သံတွဲ၊ ကျိန္တလီ၊ ဂွကနေ ဧရာ၀တီတိုင်းက မော်တင်စွန်းအထိ ဆင်းလာမယ့် AA ရဲ့ စစ်ရေးလှုပ်ရှားမှုကြားမှာ ပြည်သူတွေအဖို့ ဘေးကင်းရာ၊ လတ်တလောမှာ စစ်လွတ်နိုင်ခြေဟာ ရန်ကုန်နဲ့ နေပြည်တော်ကလွဲရင် အခြားနေရာမရှိတော့ပါဘူး။ ဒါကြောင့်လည်း နေပြည်တော်အိမ်ခြံမြေစျေးကလည်း အမြင့်စျေးမှာ ထပ်လှုပ်လာပေမဲ့ နေပြည်တော်ဟာ အုပ်ချုပ်ရေးမြို့တော်ဖြစ်တာကြောင့် လုံခြုံရေးတင်းကျပ်မှုလည်း ရှိနေတာကြောင့် နေပြည်တော်လောက်မတင်းကျပ်တဲ့ ရန်ကုန်ကို အားလုံးလာဆုံကြချိန်မှာတော့ ရန်ကုန်ဟာ အိမ်ခြံမြေအရောင်းစျေးကွက်တင်မကတော့ဘဲ အငှားစျေးကွက်ပါ အဆမတန်မြင့်တက်လာတော့တာပါ။

◾ အိမ်ခြံမြေစျေး ဘယ်လောက်တက်သလဲ

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေစျေး ဘယ်လောက်တက်သလဲဆိုရင် စျေးစမတက်ခင် ၂၀၂၂ ကာလမှာ အရှေ့ဒဂုံ၊ မြောက်ဒဂုံလို နေရာမျိုးတွေက အိမ်ခြံမြေစျေးတွေကို ပြန်ပြီး ကြည့်ဖို့လိုအပ်မှာပါ။ အရှေ့ဒဂုံမြို့စွန် အတွင်းလမ်းတွေမှာဆိုရင် အရင် ၂၀၂၂ တုန်းက ပေ ၂၀၊ ပေ ၆၀ ဟာ သိန်း ၄၀၀၊ ၅၀၀ ပတ်ခြာလည်ကနေ ၂၀၂၃ ခုနှစ်ထဲမှာ သိန်း ၈၀၀ ပတ်လည်အထိဖြစ်လာရာက ၂၀၂၄ ထဲမှာတော့ သိန်းထောင်ဂဏန်း ကပ်လာတာပါ။ မြောက်ဒဂုံဆိုရင်လည်း အရင်က လမ်းမတန်းတောင်မှ သိန်း ၄၀၀၀၊ ၅၀၀၀ လောက်ပဲရှိရာက အခုဆို သိန်း သောင်းဂဏန်းအထက် ခေါ်လာကြတာမြင်ရသလို ရွှေတောင်ကြားနဲ့ အပြိုင်လို့ကို တင်စားရတဲအထိ စျေးအလွန်မြင့်တက်လို့ လာပါတယ်။

ဒီနေရာမှာ ၂၀၂၃ အိမ်ခြံမြေစျေးတက်ချိန်မှာ လူဆိုးလူမိုက်ပေါပြီး ပတ်ဝန်းကျင်မသန့်တဲ့ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းဟာ စျေးတက်မလာပေမဲ့လည်း ၁၀၂၇ စစ်ဆင်ရေးဒုတိယအကျော့ ၂၀၂၄ မှာတော့ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့အပြိုင် အိမ်ခြံမြေ စျေးတွေ အရမ်းတက်လာတာကိုလည်း မြင်ရပြန်ပါတယ်။

“အဓိကတော့ အိမ်ခြံမြေက အထိန်းအကွပ်မရှိတာရော စစ်ရှောင်ကြတာရောကြောင့် ပိုပြီးတော့ စျေးတက်တာပေါ့။ ၂၀၂၂ တုန်းကဆိုရင် လက်ထဲမှာ သိန်း ၅၀၀ လောက်နဲ့ ပတ်ရှာရင် အရှေ့ဒဂုံဘက်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းဘက်မှာ၊ သန်လျင်ဘက်မှာ ပေ ၂၀၊ ပေ ၆၀ ကို သန့်သန့်ပြန့်ပြန့်ရနိုင်တယ်။ ၂၀၂၃ ထဲမှာတော့ ပေ ၂၀ ပေ ၆၀ ကို သန့်သန့်လိုချင်ရင် သိန်း ၈၀၀ လောက် ကိုင်လာမှ သေချာတယ်။ အခု ၂၀၂၄ ကြတော့ သိန်း ၁၀၀၀ ကျော် ကိုင်လာမှပဲ ပေ ၂၀၊ ပေ ၆၀ ကို သန့်တာရဖို့များလာတယ်။ အခုရက်ပိုင်းဆို တောင်ဒဂုံလိုနေရာမျိုး ၁၀ ပေ၊ ပေ ၆၀ တစ်ခြမ်းတောင် ၈၀၀ လောက် အော်လာကြတယ်။ စျေးတွေက ပြောရမယ်ဆို ၂၀၂၂ တုန်းကစျေးထက် သုံးဆ၊ လေးဆ လောက် တက်လာတယ်”လို့ ဒဂုံလေးမြို့နယ်မှာ အကျိုးဆောင်လုပ်နေသူ ကိုမျိုးက ဆိုပါတယ်။

◾ အိမ်ခန်းငှားခနဲ့ အဆောင်ခတွေ ဘယ်လောက်တောင် စျေးတက်လာသလဲ

ရန်ကုန်မှာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မဖြစ်ခင်အထိ အငှားစျေးကွက်ဟာ လေးလွှာ၊ ငါးလွှာမှာ ၂ သိန်း၊ ၂ သိန်းခွဲဝန်းကျင်ပဲရှိနေတာပါ။ မြေညီထပ်တွေကလည်း နေရာအချက်အခြာကျမှုအပေါ်လိုက်ပြီး လူနေအိမ်ခန်းမှာ ၄ သိန်း ၅ သိန်းက စရှိနေပေမဲ့လည်း ၁၀၂၇ စစ်ဆင်ရေးစတဲ့ ဇွန်လနောက်ပိုင်းကစပြီး လူနေ မြေညီအခန်းတွေဟာ နေရာဒေသနဲ့ အကျယ်အဝန်းပေါ်လိုက်လို့ ၇ သိန်း၊ ၈ သိန်းပတ်လည်ဖြစ်လာသလို ဆိုင်ဖွင့်မယ်ဆို ငှားခတင်ကို တစ်လ သိန်း ဆယ်ချီစျေးခေါ်လာပါတယ်။ ပထမထပ်၊ ဒုတိယထပ်ဟာ တစ်လ ၅ သိန်းက မဆင်းတော့သလို သုံးလွှာ၊ လေးလွှာအခန်းတွေကပါ တစ်လ ၄ သိန်းလောက် စျေးခေါ်လာတာပါ။ ဒါ့အပြင် အိမ်ပြန်ငွေပြန်လို့ ခေါ်ကြတဲ့ စပေါ်တင်ပြီး လစာမဲ့တဲ့ အငှားခန်းတွေကလည်း အရင်ကလို သိန်း ၁၀၀၊ သိန်း ၂၀၀ နဲ့ မရတော့တဲ့အပြင် သိန်း ၂၀၀ နဲ့ သိန်း ၅၀၀ ကြား ပိုကောက်လာပြီး လစာပါ ၁ သိန်းကနေ ၂ သိန်းကြား တောင်းခံလာတဲ့အထိ အခြေအနေဆိုးလာပါတယ်။

အခြားတစ်ဖက်မှာလည်း အဆောင်ခတွေဟာ အရင်က အမျိုးသား၊ အမျိုးသမီးတစ်ယောက်ခန်းတွေ၊ အိမ်ထောင်သည်ခန်းတွေဟာ ၁ သိန်း ပတ်ခြာလည်သာ ရှိပေမဲ့ အခုဆိုရင် ဒီလိုမျိုး အများနဲ့ ပေါင်းနေရတဲ့ အဆောင်ခန်းတွေပါ တစ်လ တစ်သိန်းခွဲနဲ့ ၂ သိန်း ပတ်ခြာလည်ဖြစ်လာတာပါ။ ကြမ်းပေါ် ဖျာတစ်ချပ်ပဲနေရာရပြီး အများနဲ့ တစ်ပြေးတည်အိပ်ရတဲ့အဆောင်တွေကလည်း ကျောတစ်ခင်းစာကို အရင်လို ၃၀၀၀၀၊ ၄၀၀၀၀ နဲ့ မရတော့ဘဲ အနိမ့်ဆုံး ၆၀၀၀၀ လောက်ဖြစ်လာပြီး နှစ်ဆကျော် တက်လာပါတယ်။ ပိုဆိုးတာက ပွဲစားတွေဟာ အရင်ကလို စည်းမရှိတော့ဘဲ အိမ်ခန်းငှားရင် တစ်နှစ်မှ တစ်လခပဲ ယူကြတဲ့ထုံးစံအစား သုံးလပဲ စာချုပ်ရင်တောင် တစ်လစာ အပြည့်လိုချင်တဲ့အထိ လောဘတက်လာတာ၊ အဆောင်ရှာပေးရင်တောင် အဆောင်အတွက် အကျိုးဆောင်ခ တစ်လစာတောင်းလာတာ၊ အိမ်ရှင်နဲ့ လက်ဝါးချင်းရိုက်ပြီး အိမ်ငှားမနေနိုင်အောင် လူသစ်တင်ပြီး ပွဲစားခ အလီလီရအောင် ကြံဆောင်မှုအပြင် မီတာခတက်လာတယ်ဆိုပြီး ရေဖိုးမီးဖိုးပါ စျေးတက်တောင်းလာတာပါ။

“အခန်းငှားခတွေက တစ်လ ၂ သိန်းလောက်မှာ ၆ လချုပ်နဲ့ ငှားနိုင်သေးတယ်။ ၆ လချုပ်တောင် ပွဲစားခနဲ့ ရွှေ့ပြောင်းတာနဲ့ဆို တစ်ခါချုပ်ရင် ၁၅ သိန်းလောက်ကုန်တာ။ အခု သုံးလွှာ၊ လေးလွှာကို တစ်လ ၄ သိန်းလောက်ဖြစ်လာတော့ အိမ်ရှင်နဲ့ ပွဲစားကို အိမ်ပြောင်းခကို သိန်း ၃၀ လောက် သုံးလာရမဲ့အခြေအနေမှာ ကိုယ်ပိုင်အိမ် ငှားမနေနိုင်တော့လို့ လင်မယားလက်ခံတဲ့အဆောင်တွေ ရှာရတယ်။ အဲဒီလိုအဆောင်တွေကလည်း လင်မယားအတွဲတွေသာထားတာ လိုက်ကာခန်းတွေ။ အဲဒီတော့ နေရတာ အဆင်မပြေဘူးပေါ့။ မြို့စွန်ထွက်ရင် တစ်လ ၅၀၀၀၀၊ ၆၀၀၀၀ အိမ်ခန်းကျဥ်းတွေရတယ်ဆိုပေမဲ့ အလုပ်ကိုပြန်သွားဖို့ကြတော့လည်း အချိန်အရမ်းကုန်တော့ အဆင်ပြေမနေပြန်ဘူး။ အိမ်ခြံမြေစျေးတက်တာထက်ကို အိမ်ခန်းငှားခစျေးတက်တာက ကျွန်တော်တို့လို လင်မယားနှစ်ယောက်ပေါင်းလို့ ၇ သိန်း၊ ၈ သိန်းရတဲ့သူတောင် မခံနိုင်ဘူး”လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုထက်က မြင့်တက်လာတဲ့ အိမ်ခန်းငှားခနဲ့ အဆောင်ရှာနေရတဲ့ အခက်အခဲကို ရင်ဖွင့်ပါတယ်။

ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ တိုက်ခန်းတစ်ခန်းကို လင်မယား ၂ တွဲလောက်ငှားနေကြပြီး ဒီလိုငှားနေဖို့လည်း လူမှုကွန်ရက်မှာ ရှာဖွေချိတ်ဆက်တာကြောင့် လူမှုရေးပြဿနာတွေဟာ ရန်ကုန်မှာ ပိုပိုပြီး ရှုပ်ထွေးလာနိုင်တယ်လို့လည်း အိမ်ခြံမြေတွေကို အကျိုးဆောင်ပေးတဲ့ ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။

◾ အိမ်ခြံမြေစျေး ဘာကြောင့် ဒီလောက်တက်နေတာလဲ

ရှမ်းမြောက်မှာ ကျားဖြန့်တွေ နှိမ်နင်းအပြီးမှာ လက်ကြီးစျေးကစားသူတွေ လျော့ကျသွားပေမဲ့လည်း တစ်ဖက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နယ်ဘက်က ချမ်းသာကြွယ်ဝသူတွေဟာ PDF တွေနဲ့ လက်နက်ကိုင်တွေရဲ့ ဆက်ကြေးတောင်းတာ၊ ပြန်ပေးဆွဲငွေညှစ်တာ စတဲ့ လက်နက်ကိုင်တွေရဲ့ ဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးလို ဘေးကင်းမယ်ထင်တဲ့နေရာတွေ ရွှေ့ပြောင်းဝယ်ယူကြတာက အိမ်ခြံမြေစျေးလှုပ်ခတ်စေပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာပါကြတဲ့ PDF တွေဟာလည်း တစ်ချိန်က အသိမ်းခံခဲ့ရတဲ့ မိသားစုနေအိမ်တွေအတွက် ဝင်ငွေတစ်ခုခုရလာချိန်မှာ အမည်ခံနဲ့ နေအိမ်တွေဝယ်ကြတာတွေလည်း ကြားလာရသလို အဆိုးဆုံးကတော့ ရန်ကုန်၊ မန္တလေးလို နေရာတွေက ပြည်သူတွေဟာ အိမ်ခြံမြေနဲ့ ပိုင်ဆိုင်မှုအကုန်ရောင်းကြပြီး ထိုင်းကို ရွှေ့တာက အပြိုင်အဆိုင်ဖြစ်လာနေတာကြောင့်လည်း စစ်ဖြစ်နေတဲ့ နိုင်ငံမှာ စစ်ဘေးလွတ်ရာတွေ ပိုပြီး စျေးဆွဲတင်ခံနေရတဲ့ အချက်ဖြစ်လာသလို အစိုးရဘက်ကလည်း အိမ်ခြံမြေဖောင်းပွမှု မထိန်းချုပ်တာက အဆမတန်အိမ်ခြံမြေစျေးတက်ရတဲ့ ဖြစ်စဥ်တွေဖြစ်လာစေခဲ့တာပါ။

ထိုင်းနိုင်ငံက အိမ်ခြံမြေအရောင်းအဝယ် သတင်းအချက်အလက်ဗဟို(REIC) ရဲ့ ထုတ်ပြန်ချက်အရလည်း မြန်မာတွေရဲ့ ကွန်ဒိုဝယ်ယူမှုဟာ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်က ကွန်ဒိုအခန်း ၃၀ နဲ့ ဘတ်ငွေ ၂၇၄ သန်းဖိုးပဲဝယ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံဖိုးရှိ ကွန်ဒို အခန်းပေါင်း ၃၄၉ ခန်းဝယ်ယူခဲ့ပြီး ဝယ်ယူမှု ဆယ်ဆနီးနီးမြင့်တက်လာတာ တွေ့ရပါတယ်။ ၂၀၂၃ မှာတော့ မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ ကွန်ဒိုအခန်းက ၅၆၄ ခန်း၊ ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံဖိုးအထိ ထပ်မံမြင့်တက်လာသလို ၂၀၂၄ မှာ ပိုပိုဆိုးပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမခြောက်လအတွင်း မြန်မာနိုင်ငံသားတွေက တန်ဖိုး ဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံဖိုးရှိ ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်းကို ဝယ်ယူခဲ့ကြတာ တွေ့ရပါတယ်။ ဒီပမာဏက ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံးမှာ ဝယ်ယူမှုထက်များစွာမြင့်တက်လာခဲ့တဲ့ ပမာဏလည်းဖြစ်နေပြန်ပါတယ်။ ဒါတွေဟာ ထိုင်းနိုင်ငံက တရားဝင်ကွန်ဒိုဝယ်ယူမှုစာရင်းပဲရှိသေးပြီး NUG နဲ့ PDF တွေ များပြားတဲ့ မြန်မာနိုင်ငံသားတွေ တခြားသူနာမည်နဲ့ အိမ်ခြံမြေအမည်ပေါက်ဝယ်ယူတတ်ကြတဲ့ ချင်းမိုင်လို မဲဆောက်လို ဒေသမျိုးတွေက လက်သိပ်ထိုးဝယ်ယူမှုတွေ မပါသေးတဲ့ ပမာဏဖြစ်လို့ ဒီပမာဏသာပေါင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံကနေ အိမ်ခြံမြေနဲ့ ပိုင်ဆိုင်မှုတွေ အကုန် ရောင်းပြီး ထိုင်းနိုင်ငံဆီရွှေ့ပြောင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ဒီသုံးနှစ်အတွင်း ဘယ်လောက်များနေပြီလဲဆိုတာကို မှန်းဆကြည့်နိုင်ပါတယ်။

“အဓိကတော့ ပိုင်ဆိုင်မှုအခွန်ကောက်တာမျိုးနဲ့ အိမ်ခြံမြေစျေး အဆမတန်တက်နေတာကို စိစစ်ဖို့လိုသလို အိမ်ခြံမြေ ပိုင်ဆိုင်မှုအကုန်ရောင်း​ပြီး ထိုင်းကို ရွှေ့တာတွေ ကြပ်မတ်ဖို့လိုတာပေါ့။ ဒါပေမဲ့လည်း စစ်ဖြစ်နေတဲ့ကာလကတော့ ထိန်းနိုင်ဖို့မလွယ်ပါဘူး။ အခုဆို ပြင်ဦးလွင်လိုနေရာမျိုး အိမ်ခြံမြေ အရောင်းအဝယ်မဖြစ်ဘဲ ရန်ကုန်နဲ့ နေပြည်တော်လောက်ပဲ ဝယ်ကြတာမျိုးပေါ့။ တိုင်းပြည်တည်ငြိမ်သွားမှ၊ ကိုယ့်ဒေသကိုယ်ပြန်ကြမှ အိမ်ခြံမြေစျေးက ပြန်ကျနိုင်မှာ။ အခုနေကတော့ စစ်ဖြစ်နေသရွေ့ကတော့ ငြိမ်းချမ်းတဲ့နေရာတွေက စျေးတွေ အဆမတန် တက်နေမှာ သဘာဝပဲ” လို့ အမည်မဖော်လိုတဲ့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။

သေချာတာကတော့ စစ်ကိုကြိုလင့်နေကြသရွေ့ရန်ကုန်လို နေပြည်တော်လို နေရာမျိုးတွေဟာ ဘေးကင်းရာနေရာတွေဟာ အိမ်ခြံမြေစျေး အဆမတန်မြင့်တက်မှု ရင်ဆိုင်နေရဦးမှာဖြစ်သလို စစ်ဖြစ်နေသရွေ့လည်း ထိုင်းနိုင်ငံဆီ မြန်မာနိုင်ငံသားတွေ ရွှေ့ပြောင်းနေထိုင်မှုက ရပ်တန့်နိုင်မှာမဟုတ်တာလည်း အသေအချာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *