October 4, 2024

MT News
၂၉. ၉. ၂၀၂၄

PDF များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အစိုးရက ဖိတ်ခေါ်မှုကို ကြိုဆိုပါကြောင်း နိုင်ငံရေးပါတီ ၂၆ ခုက ယနေ့ထုတ်ပြန်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်း ဖိတ်ခေါ်ခြင်း ပြုလုပ်ခဲ့သည်။ ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို ဦးတည် ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ် အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ၊ အခြေခံအဆောက်အဦများ၊ အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် ဆုံရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတား ဖြစ်စေခဲ့သည်။ ဤကဲ့သို့ ဖြစ်ပျက်တွေ့ကြုံခံစားနေရမှုများကို ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြခြင်းလည်း မရှိကြကြောင်း နိုင်ငံရေးပါတီ ၂၆ ခုက သဘောတူညီထုတ်ပြန်ကြသည်။

ထို့အတူ မကြာမီရက်ပိုင်းကလည်း နိုင်ငံအနှံ့အပြားတွင် သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို နှစ်ပေါင်း ( ၅၀/ ၁၀၀ )အတွင်း အဆိုးဝါးဆုံးဖြစ်စဉ် အနေဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန်ပြန်လည် ဆောင်ရွက်နိုင်ရန် တည်ငြိမ်၊ အေးချမ်း၊ လုံခြုံမှုမှာ အထူးလိုအပ်ချက်ဖြစ်လာသည်။ ယခုအခါ ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်ကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဆောင်ရွက်တော့မည် ဖြစ်သည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်ကြီး အဆင်ပြေ အေးချမ်းစွာ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်နေသည်။

သို့ပါ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ လည်းကောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ပေးနိုင်ရေး အတွက်လည်းကောင်း၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် အထောက်အကူ ပြုနိုင်မည့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်အား တည်ငြိမ်အေးချမ်းစွာဖြင့် အချိန်မီဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်ရန် လိုအပ်ချက်အရလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့များအား လက်နက်ကိုင် အကြမ်း ဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့် ဖြစ်စေ၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်ဖြစ်စေ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကမ်းလှမ်းဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သို့ပါ၍ အထက်ပါ ထုတ်ပြန်ကမ်းလှမ်းချက်သည် ပြည်သူတစ်ရပ်လုံး၏ အမှန်တကယ်လိုလားချက်အား ကိုယ်စားပြုရာရောက်သည့် နိုင်ငံတော်၏ အပြုသဘောဆောင်သော ကမ်းလှမ်းချက်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးကို ရှေးရှုသော လိုက်နာ ပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ရှုမြင်ပါသဖြင့် ၎င်းထုတ်ပြန်အပေါ် နိုင်ငံရေးပါတီများက အပြည့်အဝ ထောက်ခံအပ်ပါကြောင်း ပူးတွဲသဘောထားထုတ်ပြန်အပ်သည်ဟုလည်း နိုင်ငံရေးပါတီ ၂၆ ခု၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *