October 4, 2024

၂၉. ၉. ၂၀၂၄
Photo @ Written by TZ

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်ကစတင်ခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနှင့် ရေဘေးကြုံနေသည့် ရွာများမှ ပြည်သူများကို စက်တပ်လှေတစ်စီးဖြင့်ကိုယ်ကျိုးစွန့်ကယ်ခဲ့သည့် အသက် ၁၂ အရွယ် ကလေးငယ်”ပေါများ”ကို မောင်သစ်ညို(သဘာဝပန်းပုရုပ်မျိုးစုံဖန်တီးရေး)က ဦးဆောင်၍ ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၃ နာရီအချိန်တွင် လယ်ဝေးမြို့ရှိ Excellent Restuarnt ၌ ဂုဏ်ပြု ဆုငွေ ကျပ်သိန်း (၂၀) ကျော် ချီးမြှင့်ခဲ့သည်။

စက်တပ်လှေတစ်စီးဖြင့် ကိုယ်ကျိုးစွန့်၍ အများအသက်ကို ကယ်ခဲ့သည့် ကလေးငယ် “ပေါများ” ကို ဂုဏ်ပြုသည့် Excellent Restuarnt တွင် MT News က တွေ့ဆုံမေးမြန်းရာ”သနားတဲ့စိတ်နဲ့ကူညီတာ။ လှိုင်းလုံးက တောင်ဘက်ကိုသွားရင် တည့်မောင်းလိုက်တယ်။ လှိုင်းလုံးကိုကြည့်ပြီး မောင်းရတာ။ လူအများကြီးကို ကယ်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ သားစက်က ဆီသိပ်မကုန်ဘူး။ အရင်က ဆီတွေဝယ်ထားတော့ ဆီအတွက် အခက်အခဲမရှိဘူး။ အဲ့ဒီနေ့ကဆို ဆီတစ်ဂါလန်လောက်ကုန်သွားတယ်။ သား အခု ရတဲ့ငွေကို ဘုန်းကြီးကျောင်းကိုလည်း လှူမှာ။ ကျောင်းလည်းပြန်တက်မှာ” ဟု ပြောသည်။

စက်တင်ဘာလ ၁၁ ရက် နံနက်ခင်းအချိန်တွင်ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာတွင် နေထိုင်သည့် ကလေးငယ် “ပေါများ” မှာ ၎င်း၏ဖခင်ဖြစ်သူနှင့်အတူ အောင်သုခရွာမှ လူဦးရေ (၁၃၀) ၊ ကြို့ပင်တဲစုမှ လူဦးရေ( ၂၀) နှင့် ပေါင်းလောင်းတဲစုမှ လူဦးရေ (၁၃) ယောက်ကို ကူညီကယ်ထုတ်ကာ ရွှေပြည်သာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သားကို အသက် ၈ နှစ်ထဲက လှေမောင်းသင်တာ။ အသက် ၉ နှစ်ရောက်တော့ လှေ ကျွမ်းသွားတယ်။ ကျွန်မတို့က ကုန်းကောက်စရာမရှိအောင် အရမ်းဆင်းရဲတယ်။ တံငါအလုပ်နဲ့ အသက်မွေးရတော့ လှေတစ်စီးတော့ပိုင်တယ်။ ရွာမှာ ကျွန်မတို့လှေနဲ့ ရွာကတခြားသူလှေ ၂ စီးပဲရှိကြတာ။ အဲ့ဒီနေ့ကဆို ရေတွေကကြီးပြီး များတာ။ အဲ့ဒီမှာ သားက ကျွန်မတို့ကိုလှေနဲ့ပို့တယ်။ ရွာကသူတွေကိုလည်း လှေမောင်းပို့်တယ်။ သားကမောင်း သူ့အဖေက လှေထိပ်မှာထိုင်ပြီး လိုက်ကယ်တာ။ သူ့အဖေလှေမောင်းရင် လှေခေါင်းကထောင်နေမှာစိုးလို့ သူ့သားကိုမောင်းခိုင်းတာ။ ၂ ရက်ကျော်လောက် လှေမောင်းပြီး မနေမနားကယ်တာ။ သားမှာ ဆိတ် ၅ ကောင်ရှိတယ်။ ၂ ကောင်ပျောက်တယ်။ ကျွန်မတို့အိမ်လည်း ရေထဲပါသွားတယ်။ အခုယောက္ခမအိမ်မှာနေနေတာ။ သားကို အခုလို လှူဒါန်းမှုတွေလုပ်ပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်”လို့ လူငယ်လေး “ပေါများ”၏ မိခင် ဒေါ်ထွေးက ပြောသည်။

ရေဘေးကြုံနေသည့်ရွာများကို ကိုယ်ကျိုးစွန့်၍ ကယ်တင်ခဲ့သည့် ကလေးငယ် “ပေါများ”တွင် မွေးချင်းမောင်နှမ ( ၇) ယောက်ရှိပြီး ၎င်းမှာ ၄ ယောက်မြောက်သားဖြစ်ကြောင်း သိရသည်။ အများပြည်သူအား ကူညီရင်း နေအိမ်မျောပါပျက်စီးခဲ့သည့် ကလေးငယ် ပေါများ( ခ) မောင်ငြိမ်းမင်းစိုးကို ယနေ့ ဂုဏ်ပြုချီးမြှင့်မှုတွင် ကျပ်သိန်း ၂၀ ကျော်နှင့်အတူ ကျွဲရုပ်လေးတစ်ရုပ် ဂုဏ်ပြုမှု ရရှိခဲ့ပြီး ပေါများကို ထပ်မံ ဂုဏ်ပြုလိုပါက ဖုန်း ၀၉- ၇၈၁၉၅၀၇၆၆၊ ၀၉-၇၆၂၄၀၉၀၀၇၊၀၉-၇၉၅၆၁၉၉၁၈၊ ၀၉-၇၆၃၃၇၆၅၀၉ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *