October 4, 2024

၂၉.၉.၂၀၂၄
Written By Thandar

“မေတ္တာအသင်္ချေ ရန်ကုန်ပရဟိတအသင်း” က ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်တွေ ဖျော်ဖြေမှုနဲ့ ကလောမြို့ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းဖို့ ယနေ့ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ် တညင်းကုန်းဈေးရှိ ကုန်တင်ကုန်ချရုံမှာ ကျင်းပခဲ့ပါတယ်။

“ပိုးအိတို့က ရေဘေးနဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်အသင်းက ရရှိလာတဲ့ငွေကြေးနဲ့ဆိုရင် ‌တန်ဖိုးကနည်းမှာစိုးလို့ ခုလို အနုပညာမောင်နှမတွေပေါင်းပြီး ဖျော်ဖြေရင်း အလှူခံဖို့ စီစဉ်လိုက်တာပါ။ ဒီပွဲအတွက် ဦးကြည်ဝင်းရယ်၊ မစပယ်မိုးတို့ ဇနီးမောင်နှံကလည်း ဒီနေရာလေးကို ဖျော်ဖြေပွဲ ကျင်းပပေးဖို့ စီစဉ်ပေးပါတယ်။ ဒါကြောင့် ဒီဖျော်ဖြေပွဲက ငွေကြေးနဲ့ ကလောဘက်ကို အောက်တိုဘာ ၁ ရက်နေ့တက်ပြီး သွားလှူကြမှာပါ။ရေဘေးကြောင့် အသက်တွေဆုံးရှုံးရတာကိုကြည့်ပြီးတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ် အားပေးစကားပြောရုံလောက်နဲ့ မလုံလောက်ပါဘူး”လို့ မေတ္တာအသင်္ချေ ရန်ကုန်ပရဟိတအသင်းက သရုပ်ဆောင် ပွင့်နဒီမောင်က ပြောပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ ပေါက်စီ၊ ဇွဲပြည့်၊ မာမီသက်၊ ငလက်မ၊ ပွင့်နဒီမောင်၊ ခိုင်ဇာ၊ မိုးပြည့်ပြည့်မောင်၊ ပွင့်နဒီမောင်၊ စပယ်မိုး စတဲ့သူတွေ လာရောက်ကာတေးသီချင်းတွေ သီဆိုဖျော်ဖြေရင်းနဲ့ ဈေးအတွင်းလှည့်လည် အလှူတွေခံခဲ့ကြပါတယ်။

ယနေ့ဖျော်ဖြေရေး အလှူအတွက်လည်း သရုပ်ဆောင် ခိုင်နှင်းဝေက ကျပ်သိန်း ၁၀၀ ပါဝင်လှူဒါန်းသလို ကိုနေမျိုးအောင်တို့ရဲ့ အာဗြဲစိန် လုပ်ငန်း၊ ပန်းပျိုးလက်အသင်း၊ မင်းသားကြီး Entertainment တို့ကလည်း သိန်း ၃၀ ကျော်ဖိုး ပါဝင်လှူဒါန်းထားကာ လက်ရှိ အလှူငွေ သိန်း ၂၀၀ နီးပါးရရှိနေပြီလို့ ဆိုပါတယ်။ ရရှိလာတဲ့ အလှူငွေတွေ အဝတ်အထည်တွေ စားသောက်ကုန်တွေကိုလာမယ့် အောင်တိုဘာ ၁ ရက်နေ့မှာတော့ ကလောရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် ကိုယ် တိုင်ကိုယ်ကျသွားရောက်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *