October 4, 2024

၂၉.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦးကို စက်တင်ဘာ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို မြန်မာရေတပ်သင်္ဘောဖြင့် ကော့ဘဇားဒေသသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာရေတပ်သင်္ဘောသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့သော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့်တပ်မတော်သား ၁၂၀ ကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများ ဖော်ပြမှုအရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်.သံရုံးသည် ပြီးခဲ့သော ၁၅ လကျော်အတွင်း မြန်မာနိုင်ငံရှိ အကျဉ်း ထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၃၂ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့နိုင်ရန် ကြားဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် မြန်မာအကျဉ်းထောင်များတွင် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းဆုတ်ခွာခဲ့သော မြန်မာတပ်ဖွဲ့ဝင်များ အပြန်အလှန်လဲလှယ်ရေးများကို ပြီးခဲ့သောလပိုင်းအတွင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်လ ၉ ရက်နေ့က မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကြား သဘောတူညီချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဆုတ်ခွာခဲ့သော မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တပ်မတော်သား ၁၃၄ ဦးကို မိခင် နိုင်ငံသို့ ပြန်ပို့ခဲ့သလို မြန်မာအစိုးရကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅ ဦးကို ပြန်လည်လွှဲပြောင်းပေးပို့ခဲ့ဖူးသည်။ ထို့အပြင် ဧပြီ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ဆုတ်ခွာခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၈ ဦး အပြန်အလှန်လဲလှယ်ခဲ့ဖူးကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်၊ တပ်မတော်သား၊ ဌာနဆိုင်ရာတာဝန်ရှိသူ စုစုပေါင်း ၃၃၀ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

REF tbsnews

Leave a Reply

Your email address will not be published. Required fields are marked *