October 5, 2024

◾ ဂျပန်နိုင်ငံသို့ ပြန်သွားခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာ အစားထိုးရန် သံအမတ်ကြီးအသစ် ထပ်မံစေလွှတ်မည်မဟုတ်

၂၉.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုင်ချီရို မာရူယာမာသည် ပြီးခဲ့သောရက်ပိုင်းတွင် မိခင်နိုင်ငံသို့ ပြန်သွားခဲ့ရာ ဂျပန်အစိုးရက ၎င်းနေရာတွင် အစားထိုးရန်အတွက် သံအမတ်ကြီးအသစ်တစ်ဦး ထပ်မံစေလွှတ်မည်မဟုတ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံနှင့် သံတမန်ရေးအဆင့်လျှော့ချဆက်ဆံလိုက်ခြင်းသည် မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် ဂျပန်စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ ဖြစ်လာဖွယ်ရှိနေကြောင်း ဂျပန်အခြေစိုက် Japan Today မီဒီယာက ဖော်ပြထားသည်။

အိုင်ချီရို မာရူယာမာသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။ ဂျပန်သံအမတ်ကြီး မိခင်နိုင်ငံသို့ ပြန်သွားခဲ့ပြီးနောက် သံရုံး ဒုတိယအကြီးအကဲတစ်ဦးဖြစ်သူ ရှိုဂို ယိုရှီတာကီက မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်သံအမတ်ကြီးက “ကျွန်တော်တို့ရဲ့အစီအစဉ်ကို မြန်မာအစိုးရကို အသိပေးခဲ့တယ်။ မြန်မာအစိုးရဟာ ဂျပန်အစိုးရရဲ့ဆောင်ရွက်ချက်ကို နားလည်မယ်လို့ယုံကြည်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ဒီမိုကရေစီ လမ်းကြောင်းအပေါ်သို့ လျှောက်လှမ်းခဲ့ပြီးနောက် ဂျပန်အစိုးရနှင့်ပုဂ္ဂလိဂ ကုမ္မဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများအပြားလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဂျပန်သံအမတ်ကြီး အိုင်ချီရို မာရူယာမာသည် ၁၉၈၉ ခုနှစ်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ နီးပါးကြာ ထိတွေ့ဆက်ဆံခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရသည် လက်ရှိအချိန်တွင် SAC ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမျိုးမရှိသေးဘဲ သံတမန်လုပ်ထုံးလုပ်နည်းအရ သံအမတ်ကြီးအသစ်ခန့်အပ်မည်ဆိုလျှင် သံတမန်ခန့်အပ်လွှာကို မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်ထံ ပေးအပ်ရမည်ဖြစ်သည်။

ဂျပန်အစိုးရ၏ ယခု ဆောင်ရွက်ချက်များသည် အမေရိကန်၊ ဗြိတိန်နိုင်ငံတို့ကဲ့သို့သော နိုင်ငံအချို့၏ လုပ်နည်းလုပ်ဟန်အတိုင်း သံတမန်ရေးအဆင့်လျှော့ချ ဆက်ဆံခြင်းမျိုးဖြစ်လာခဲ့ကြောင်း သိရသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နိုင်ငံရေးအာဏာအငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းမရှိခဲ့သလို SAC နှင့်သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *