October 5, 2024

၂၉. ၉. ၂၀၂၄
Written by Nay Moe

ရာအိမ်မှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူ ၇ ဦးကို သတင်းပေး၊ ဒလန်ဟု စွပ်စွဲကာ PDF များက တစ်နေ့တာအတွင်း သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါက်တောကျေးရွာအနီးရှိ ရေမြောင်းအတွင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့မှုကြောင့် ပေါင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာနေ ကိုငဖြိုး(၂၃)နှစ်အား ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူအား ရင်းငြိိမ်တောင်ကျေးရွာရှိ ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်းဝိုင်း ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားသုံးဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးအောင်နေ (စိစစ်ဆဲ)၊ ဦးဖိုးချဲ(စိစစ်ဆဲ)နှင့် ဦးအောင်လင်း(စိစစ်ဆဲ)တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က “ဒလန်များ”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်ကြီးမြို့နယ်၊ နေရဉ္ဇယျ ကျေးရွာနေ ကိုဟန်ဝေကျော်(၁၉)နှစ်သည် မတ္တရာမြို့မှ ၎င်း၏နေအိမ်သို့ မန္တလေး-မတ္တရာလမ်း အတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နန္ဒာ(တောင်)ကျေးရွာအနီးအရောက် PDF သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များနည်းတူ ည ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်း ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ဦးဇော်မင်းထွန်း (၅၂)နှစ်သည် အောင်ဆန်းရပ်ကွက်၊ အောင်ဆန်းဈေးရှေ့လမ်းမပေါ်ရှိ အသုပ်ဆိုင်၌ ရှိနေစဉ် လမ်းလျှောက်လာသည့် PDF နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဥ်များအပြင် ည ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မြွေကြီးတွင်းကျေးရွာ ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ဦး (၅၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF သုံးဦး(စိစစ်ဆဲ)ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြေကြီးတွင်းရွာအုပ်ချုပ်ရေးမှူး ဦးတင်ဦးကို သတ်ဖြတ်သည်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၅) နှင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ (၄) တို့ဖြစ်ကြောင်း MT News က သတင်းဖော်ပြထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *