October 5, 2024

၂၉.၉.၂၀၂၄
Written by Hey Mar

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာရဲ့ ဒီနေ့မနက် ခုနစ်နာရီအချိန်တိုင်းထွာရရှိချက်တွေအရ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးပိုနိုင်သလို မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း စက်တင်ဘာ လကုန်ရက်(၃၀ ရက်)ကနေ အောက်တိုဘာလ ၄ ရက်အထိ တာချီလိတ်မြို့နဲ့ အနီးတစ်ဝိုက်၊ မယ်ဆိုင်ချောင်းတစ်လျှောက် မိုးများနိုင်မယ့်အခြေအနေရှိနေကာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခန့် ၂ ရက် မှ ၃ ရက်ခန့်အထိ ဆက်တိုက်ရွာသွန်းနိုင်တယ်လို့ သူ့ရဲ့လေ့လာတွေ့ရှိချက်ကို အသိပေးလာတာကြောင့် တာချီလိတ်မြို့ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ် ။

တာချီလိတ်မြို့ဟာ ၂၀၂၂ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စံချိန်တင်ရေကြီးမှုကို ကျော်လွန်ကာ နှစ်ပေါင်း ၆၀ အတွင်း မကြုံဖူးတဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုဖြစ်စဉ်တွေကိုကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့မှ ရပ်မိရပ်ဖတစ်ဦးက MT News ကို ပြောပါတယ်။

“မိုးလေဝသကို မပြတ်နားစွင့်နေတယ်။ ဒီမှာ ရေကြီးနေတာ ၃ လဆက်တိုက်ရှိပြီ။ အခု ၉ လပိုင်းက အဆိုးဆုံးပဲ။ မထူထောင်နိုင်သေးဘူး။ လျှပ်စစ်မီးတွေရော ဆက်သွယ်ရေးရော ပုံမှန်ပြန်မဖြစ်သေးဘူး။ နုန်းတွေတင်ကျန်တာတွေ ရှင်းလင်းနေတုန်းမှာပဲ မနေ့က (စက်တင်ဘာ ၂၇) ရေပြန်တက်တယ်။ ချက်ချင်း (အချိန်အနည်းငယ်အတွင်း) ဒူးလောက်ရောက်တယ်၊ အဲ့ဒီကနေ တန့်နေတာ အခု ညပိုင်း ထပ်တက်လာလို့ လူမှုရေးအဖွဲ့တွေနဲ့ အစိုးရဘေးစီမံပေါင်းပြီး ရပ်ကွက်တွေထဲ အခု လိုက်အော်နေတာ”လို့ စက်တင်ဘာ ၂၈ ရက် ညရှစ်နာရီအချိန်ခန့်က MT News က ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်ရင် ကယ်ဆယ်ရေးစခန်းတွေဆီတောင်မသွားရဘဲ နေအိမ်နဲ့ ဟိုတယ်၊ တည်းခိုခန်းတွေဆီ ခေတ္တတက်ရောက် ရှောင်တိမ်းယုံသာရှိခဲ့တဲ့ တာချီလိတ်မြို့ခံတွေဟာ ၊ ပြင်းထန်တဲ့ ရေစီး ၊ တက်လာတဲ့ ရေအမြင့်ပေတွေကြောင့် မကြုံစဖူးရေဘေးဒဏ်ခံရကာ စားရေရိက္ခာအပြင် ၊ မြေပြို တောင်ပြိုမှုတွေကြောင့် နေအိမ်ပျက်စီးဆုံးရှုံးတာ ၊ တံတားအပါအဝင် လမ်းပန်းပျက်စီးလို့ ဆက်သွယ်ရေးပြတ်တောက်ပိတ်မိတာ စတဲ့အခြေအနေတွေကို စက်တင်ဘာ ၁၂ ရက်နေ့ နောက်ပိုင်းမှာ အလူးအလဲ ခံစားခဲ့ရတာပါ။

လက်ရှိအချိန်အထိ တာချီလိတ်မြို့ရဲ့ ရပ်ကွက် ၁၁ ခုအနက် ၇ခု ရေဘေးကြောင့် ပျက်စီးမှု‌ရှိခဲ့ပြီး ရှင်းလင်းရေး လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်နေကြပေမယ့် ထပ်မံ ရေတိုးလာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ပထမအပတ်အတွင်းရေကြီးရေလျှံမှု ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်နေ့အထိ ကောက်ယူတွေ့ရှိတဲ့စာရင်းတွေအရ ၁၄ ဦးသေဆုံးတယ်လို့ လည်းဒေသတွင်းသတင်းတွေအရ သိရှိရပြီး
မြေပြိုမှုကြောင့်လည်း (၇)ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *