October 5, 2024

၂၉.၉.၂၀၂၄
Written By Thandar

CANAL+နဲ့ Bonanza Production တို့ ပူးပေါင်းတင်ဆက်မယ့် စိတ်ကူးယဥ် သရဲဟာသဇာတ်လမ်းပုံစံ“ကြောက်သလားမမေးနဲ့” Scary Hunter ရုပ်သံဇာတ်လမ်းတွဲ Premiere Show မိတ်ဆက်ပွဲကို စက်တင်ဘာ ၂၉ ရက် နေ့လယ် ၃ နာရီက ရန်ကုန်မြို့ ကန်သာယာ Shopping Mall ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ Canal Plus ရိုက်တဲ့ ဒုတိယမြောက် Series ပါ။ ဒါရိုက်တာကိုထွဋ်နဲ့ဆိုရင် ပထမဦးဆုံးအကြိမ် ရိုက်ကူးဖြစ်တာပါ။ အရမ်းလည်း ရိုက်ကွင်းမှာပျော်ရပါတယ်။ ဒီ Series ရိုက်တုန်းက ဘယ်လောက်ပင်ပန်းလဲဆိုရင် နေ့တွေညတွေပါ မှားတဲ့အထိပါပဲ။ တ ကယ်သရဲခြောက်တဲ့နေရာမှာ ကျွန်တော်တို့ဆို ပြောရတဲ့စကားတွေက တော်တော်လန့်စရာတွေကောင်းပါတယ်။ ခုပြသတဲ့အပိုင်းတွေမှာမပါပေမယ့်လေ Canal Plus ထုတ်လွှင့်ရင် ကြည့်ပေးကြပါဦးလို့ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆက်ကြိုးစားပါဦးမယ် ” လို့ သရုပ်ဆောင် ထွန်းထွန်းက ပြောပါတယ်။

ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွန်း ဒီဒီထက်အောင်၊ သူရဿဝါ၊ MSY တို့ကရေးသားပြီးတော့ ဒါရိုက်တာ ထွဋ်တင်ထွန်းက ရန်ကုန်မြို့ သန်လျင်ဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တယ်ဆိုပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း (Examplez)၊ ဟိန်းသန့်ဇေ၊ အေးမင်းဟိန်း၊ စူးရှထူးကြည်၊ နွေးနွေးချစ်ဖွယ်၊ ရွှေရုပ်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ဒီဇာတ်ကားကို ကျွန်တော့်အနေနဲ့ တကယ်သရဲခြောက်ပါတယ်ဆိုတဲ့ အိမ်ကိုလိုက်ပြီး သေချာရှာပြီး သန်လျင်ဘက်မှာ ရိုက်ကူးခဲ့ပါတယ်။ တကယ့် သင်္ချိုင်းတွေမှာ ရိုက်ကူးထားပါတယ်။ ကျွန်တော့်အနေနဲ့က ဟာသတွေ မရိုက်ဖြစ်ပါဘူး။ ဟာသဆိုတာကို မထိတွေ့တာများတယ်။ ကျွန်တော် ရိုက်နေရင်းနဲ့လည်း မရယ်ရမှာကြောက်တယ်။ ခုလို ရယ်နေရတာ မြင်တွေ့ရလို့လည်း အဆပေါင်းများစွာ ပိုပြီးပျော်ပါတယ်” လို့ ဒါရိုက်တာ ထွဋ်တင်ထွန်းကပြောပါတယ်။

အပိုင်း ၂၀ ပါဝင်တဲ့ “ကြောက်သလား မမေးနဲ့” စိတ်ကူးယဥ် သရဲဟာသရုပ်သံ ဇာတ်လမ်းတွဲသစ်ကို လာမယ့် အောက်တိုဘာလ ၇ ရက်နေ့ကစပြီး အပတ်စဥ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီခွဲမှာ CANAL+ ZAT LENN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *