September 28, 2024

၂၈.၉.၂၀၂၄
Written By Zun

ပြည်တွင်းပဋိပက္ခတွင် ပါဝင်လျှက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုက်ပွဲ ဖော်ဆောင်နေမှုများကိုရပ်တန့်ပြီး နိုင်ငံ‌တော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းမှုရရှိစေပြီး လွပ်လပ်၍ တ ရားမျှတသော ပါတီစုံရွေးကောက်ပွဲမှသည် ပြည်သူလူထုမှ တင်မြှောက်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေမည်ဖြစ်ကြောင်း ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသ (DKBA) က ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြည်သူများမှ ရွေးချယ် တင်မြှောက်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးသည် ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စက်တင်ဘာလ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်မှုကို ကြာအင်း ပေါ်တော်မူ ငြိမ်းချမ်းနယ်မြေ ဦးစီးပဓာန နာယကချုပ်ဆရာ‌တော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရ၏ သြဝါဒလမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသော ဒီကေဘီအေ(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘိုဘိ ဦးဆောင်သည့် ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ(DKBA) မှ ကြိုဆိုကြောင်း ဖော်ပြထားသည်။

ယင်းဖိတ်ခေါ် ကမ်းလှမ်းချက်အပေါ် အပြုသဘောဖြင့် ကြိုဆိုကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ပြုလုပ်သည့် ဗဟိုကော်မတီ အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ သဘောထားထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသားနှင့် မူဝါဒအခြေခံကာ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်ထောင်စုအတွင်း ပြည်သူများ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကအဆောက်အအုံများစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

ယင်းအပြင် ကရင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်မှစတင်သည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ ရလဒ်အဖြစ် ဆယ်စုနှစ်တစ်ခုအတွင်း ငြိမ်းချမ်းရေးနှင့်အတူ ယှဉ်တွဲ၍ တိုးတက်မှုများ ရရှိခဲ့သော်လည်း ယခုနောက်ပိုင်း ပြန်လည်ဖြစ်ပွားလာခဲ့သည့် စစ်ပွဲအကျိုးဆက်များကြောင့် အဆိုပါတိုးတက်ခဲ့သည့် အခြေ အနေများ ပျက်စီးခဲ့ရ၍ စစ်ပွဲများကို အမြန်ဆုံးရပ်တန့် အဆုံးသတ်ရန် အလိုရှိနေကြကြောင်းလည်း ဖော်ပြ ထားသည်။

လက်ရှိနိုင်ငံရေးအခက်အခဲများကို လက်နက်ကိုင်နည်းဖြင့် ဖြေရှင်း၍ မရနိုင်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးအဖြေ ရှာရန်အတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ သိက္ခာရှိရှိပါဝင်လာနိုင်ရန်အတွက် နိုင်ငံတော်ဘက်မှ ရိုးသားစွာကမ်းလှမ်းသည်ဟု ယူဆကြောင်းလည်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *