September 28, 2024

◾ ပြစ်ဒဏ်လျှော့ပေါ့ ပြန်လွှတ်ပေးခြင်းဖြစ်ပြီး မနက်ဖြန် ရဟန်းခံမည်ဟုဆို

၂၈.၉.၂၀၂၄
Written By Zun

မြန်မာနိုင်ငံတွင် နာမည်ကြီးသူဌေးများထဲမှ တစ်ဦးဖြစ်သူ အသက် ၇၃ နှစ်အရွယ် ဇေကမ္ဘာ ဦးခင်ရွှေ ယနေ့ စက်တင်ဘာလ ၂၈ ရက် တွင် ပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း ယင်း၏ မိသားစုဝင်တစ်ဦးက MT News ကို ယနေ့ည အတည်ပြု ပြောဆိုသည်။

“ပြန်လွတ်ပြီ၊နေလည်းကောင်းပါတယ်”ဟု ယင်းက ဆိုသည်။

ဗဟန်းမြို့နယ်တရားရုံး၏ အမှုအမှတ်၅၃/၂၀၂၂ ရှေးဟောင်းအဆောက်အဦပုဒ်မ(၂၄)ဖြင့်ထောင်ဒဏ် (၇)နှစ်ကျခံနေသော ဇေကမ္ဘာဦးခင်ရွှေအား ပြစ်ဒဏ်လျော့ပေါ့ဖြင့် ယနေ့ ညနေ ၅ နာရီကျော်အချိန်က ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌလည်း ဖြစ်၊ ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ပိုင်ရှင်လည်းဖြစ်သည့် ဦးခင်ရွှေနှင့်သားဖြစ်သူ ဦးဇေသီဟတို့အား ၂၀၁၅ ခုနှစ်ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ – ၂၄ ဖြင့် အမှုဖွင့်ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သေးသည်။ ယင်းနောက် ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ထားခြင်းလည်း ဖြစ်သည်။

အကျဉ်းသားထောင်ဝင်အမှတ်အစ/၂၃/၀၀၄၅၄/က ၊ခင်ရွှေ(၇၃နှစ်)အား အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးဦးအောင်နိုင်ထွန်း၊ ထောင်ဆေးရုံအုပ်လက်ထောက်ညွှန်ကြားရေးမှူးဦးစံလင်းထွန်းတို့က ရာဇဝတ် ကျင့် ထုံး၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့်ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုသည့်စာကိုဖတ်ပြပြီး ထောင်ထွက်လက်မှတ်ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။

ထို့အတူ ဦးခင်ရွှေသည် ယနေ့ အကျဉ်းထောင်က ပြန်လွတ်လာပြီး မနက်ဖြန်တွင် ဒုလ္လဘ ရဟန်းခံမည် ဖြစ်ကြောင်းလည်း သိရသည်။

ဦးခင်ရွှေသည် ထောင်ကျနေစဉ် ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ မျက်လုံးနှင့်သက်ဆိုင်သော ဆေးကုသမှုကို ခံယူခဲ့ရသေးပြီးအသက်အရွယ်အရ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် လိုနေသေးကြောင်းလည်း သိရသည်။

ထိုသို့ ဦးခင်ရွှေ ပြန်လွတ်လာသော်လည်း အမှုတွဲမှ သားဖြစ်သူ ကိုဇေသီဟ မှာ ပြန်လွတ်လာခြင်းမရှိသေးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *