September 28, 2024

၂၈.၉.၂၀၂၄
Photo@ Written by TZ

မိုးစေတနာပရဟိတအသင်း (ပျဥ်းမနား) မှ ဦးဆောင်ပြီး နေပြည်တော်နယ်မြေအတွင်းရှိ ရေဘေးသင့်ပြန်လည် ထူထောင်ရေးအတွက် လိုအပ်သည့်ယင်လုံအိမ်သာခွက် ၆၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် နေပြည် တော်အတွင်းရှိ လယ်ဝေးမြို့နှင့်ပျဥ်းမနားမြို့ရှိ ကျေးရွာများတွင် ပြည်သူများလိုအပ်နေသည့် အိမ်သာခွက်များကို မိုးစေတနာပရဟိတအသင်း(ပျဥ်းမနား) ရုံးမှ စက်တင်ဘာလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များ လှူဒါန်းသည့် ရရှိသည့်ငွေများမှ ပြန်လည်ကာ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

“အိမ်သာခွက် တစ်စုံကို ၆၀၀၀ ကျပ်ကျတယ်။ စက်ရုံကနေတိုက်ရိုက်ဝယ်လို အဲ့ဒီ ပမာဏပဲကျတာ။ အဓိက အဲ့ဒါက ပိုပြီးလိုအပ်နေတာ။ စုစုပေါင်း အဲ့ဒါဝယ်တာ ၂၅ သိန်းကျတယ်။ နောက်ထပ်လည်း မှာထားသေးတယ်။ အခက်အခဲတွေကတော့ အများကြီးပါ။ ရေဘေးသင့်ထဲက နိုင်ငံတော်က ကျွန်တော်တို့လူမှုကူညီရေးအသင်းတွေကို လှူဒါန်းမှုတွေတော့ မရှိသေးဘူး။ ပြည်တွင်း၊ ပြည်ပ လှူဒါန်းတာပဲရှိသေးတယ်။ လက်ရှိ လူနာသယ်ယာဥ်တွေ၊ စက်လှေတွေလိုအပ်တယ်” ဟု မိုးစေတနာပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုဖြိုးဝေက MT News သို့ ပြောသည်။

ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် ရေဘေးသင့်ပြည်သူများကို လှူဒါန်းလိုပါက မိုးစေတနာပရဟိတအသင်း( ပျဥ်းမနား) ရုံးမှ ဖုန်း ၀၉- ၄၂၀၇၇၁၄၀၅ ကိုဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *