September 28, 2024

၂၈. ၉. ၂၀၂၄
Written by Nyein Kyaw

ရေဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဒုတိယအကြိမ် အလှူငွေကျပ် ၁၀ ဘီလျံကျော် ရရှိခဲ့သဖြင့် စုစုပေါင်းအလှူ ကျပ် ၄၂ ဘီလျံကျော်ရရှိထားပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ်ပေးအပ်လှူဒါန်းပွဲတွင် ပြောကြားခဲ့သည်။

ယခုအကြိမ်သည် ဒုတိယအကြိမ် လှူဒါန်းမှုဖြစ်ပြီး ပထမအကြိမ် လှူဒါန်းမှုအခမ်းအနားတွင် ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံကျော်ကို လက်ခံရရှိခဲ့ကြောင်း၊ အခက်အခဲများကြားမှ စိတ်စေတနာထက်သန်စွာဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် အလှူငွေလက်ခံခြင်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ ဒုတိယအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၁၀ ဘီလျံကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလှူရှင်များ၏ သန့်ရှင်းသောစိတ်ဖြင့် လှူဒါန်းခဲ့သည့် လှူဒါန်းမှုများကို အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိနိုင်ရေး စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရောင်အသွေး ကင်းရှင်းစွာဖြင့် လှူဒါန်းလာသည့် ပြည်ပမှလှူဒါန်းမှုများကိုလည်း မိမိတို့အနေဖြင့် စနစ်တကျလက်ခံ‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ မိမိတို့အစီအစဉ်ဖြင့် ရေဘေးသင့်ဒေသများကို သွားရောက်လှူဒါန်းလျက်ရှိသည့် စေတနာရှင်ပြည်သူများသည်လည်း များစွာရှိပြီး မိမိတို့နိုင်ငံသားများအနေဖြင့် လူမှု‌ရေးကိစ္စရပ်များတွင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းလိုသည့် စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း၊ ကောင်းမွန်ပြီး ဂုဏ်ယူဖွယ်ရာစိတ်ဓာတ်များပင်ဖြစ်ပြီး နိုင်ငံသားတိုင်းအနေဖြင့် ထိုကဲ့သို့ စိတ်ရင်းစေတနာ၊ စိတ်ဓာတ်ကောင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *