September 28, 2024

၂၈. ၉. ၂၀၂၄
Written by Nyein Kyaw

ယမန်နေ့မှစတင်၍ ကျပ် ၅၀၀၀ အောက်ကျဆင်းလာသည့် ဒေါ်လာဈေးနှုန်း ယနေ့ ညနေပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၄၈၂၀ အထိ ထပ်မံကျဆင်းကျခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ပြီးခဲ့သည့် ဩဂုတ်လအလယ်တွင် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးအထိ မြင့်တက်ခဲ့သော်လည်း ဗဟိုဘဏ်မှ ဒေါ်လာသန်းရာနှင့်ချီ အလုံးအရင်း ထုတ်ပေးခဲ့သောကြောင့် ဒေါ်လာဈေးနှုန်း ပြန်လည်ကျဆင်းလာခဲ့ရာ စက်တင်ဘာ ၉ ရက်နေ့တွင် ကျပ် ၅၀၀၀ အောက်သို့ နာရီပိုင်းသာ ပြန်ကျဆင်းခဲ့ပြီး လက်မည်းသမားများက တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ ပြန်လည်ဆွဲတင်ခြင်းကို ခံခဲ့ရသည်။

ယင်းကဲ့သို့ ဖြစ်ဉ်များအပြီး နှစ်ပတ်ကျော်ကြာ စက်တင်ဘာ ၂၇ ရက် (ယမန်နေ့)တွင် ဒေါ်လာဈေးနှုန်း ပြောင်းလဲမှု သုံးကြိမ်ဖြစ်ကာ တစ်ဒေါ်လာ ကျပ် ၄၉၀၀ သို့ ပြန်ကျဆင်းခဲ့ပြီး ယခင်ကဲ့သို့ ကျပ် ၅၀၀၀ အောက်သို့ နာရီပိုင်းသာ ကျဆင်းခဲ့ခြင်းမဟုတ်ဘဲ ယနေ့တွင်လည်း တစ်ဒေါ်လာ ကျပ် ၄၈၂၀ အထိ ထပ်မံကျဆင်းလာခဲ့ခြင်းကို တွေ့ရှိရသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်၌ ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးနှုန်းများမှာ စက်တင်ဘာ ၂၄ ရက်တွင် တစ်ဒေါ်လာ ၅၁၀၀ ကျပ်၊ စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၅၀၇၀ ကျပ်၊ စက်တင်ဘာ ၂၆ ရက်တွင် တစ်ဒေါ်လာ ၅၀၀၀ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၄၉၀၀ ကျပ်၊ စက်တင်ဘာ ၂၈ ရက် (ယနေ့) တွင် တစ်ဒေါ်လာ ၄၈၂၀ ကျပ်အထိ ထပ်မံကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *