September 28, 2024

၂၈.၉.၂၀၂၄
Written by Nay Moe

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင်၊ နောင်မွန်မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာ ၂၈ ရက် လူခြေတိတ်အိပ်မောကျချိန် နံနက် ၂ နာရီခွဲခန့်ကပင် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ၃ နာရီခန့်အချိန်ထိ ဗုံးကျရောက်ပေါက်ကွဲသံများကြားရကြောင်းလည်း ဒေသခံများက အတည်ပြု ပြောပြသည်။

လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခံရပြီးနောက် MNDAA များက အဆိုပါ ဒေသဖက်ကို ပြောင်းရွှေ့၍ ပုန်းခိုနေထိုင်နေကြစဉ် အထက်ပါအတိုင်းဗုံးကြဲခံရခြင်းဖြစ်နိုင်ကြောင်း နောင်မွန်ဒေသခံတစ်ဦးက MT News ကို ပြောသည်။

“လားရှိုးမြို့ထဲမှာ သူတို့က နေရတာ မလုံခြုံတော့ဘူးလေ။ ဗုံးကြဲနေတော့ သူတို့အတွက်ကအခြေအနေမကောင်းဘူး။ ဒါကြောင့် ရွာဖက်တွေကို ထွက်နေကြတာ။ အခု ဗုံးကျတဲ့နေရာက သူတို့တွေ ညဘက်မှာ ခိုးပြီး အိပ်တဲ့နေရာ၊ နောက်ထပ်လည်း ခိုးအိပ်တဲ့နေရာတွေကို သတင်းပေးတဲ့သူက ပေးပြီးသး။ ဒီအတိုင်းဆိုရင် ဗုံးထပ်ကြဲခံရနိုင်တယ်”ဟု အဆိုပါဒေသခံကပြောသည်။

ဗုံးကျရောက်ပေါက်ကွဲသည့်နေရာများမှာ MNDAA များ ရှိနေသောနေရာဟု သတင်းရထားသည့် ရဲစခန်း၊ မူကြိုကျောင်းတို့ အနီးအပါအဝင် အခြားနေရာ ၃ နေရာခန့်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

MNDAA ၏ ထုတ်ပြန်ချက်တွင် တပ်မတော်ဘက်က နောင်မွန်မြို့နယ်ကို လေယာဉ်ဖြင့် ဗုံးအသေး ၁၀ လုံးထက် မနည်း ကြဲချခဲ့သောကြောင့် လူ ၁ ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကာ နေအိမ်များနှင့် လမ်းများ ပျက်စီးခဲ့ကြောင်းပါရှိသည်။

သို့သော်လည်းဒေသခံများပြောပြချက်အရ ဒဏ်ရာရသူမှာ MNDAA ဘက်က ဖြစ်ကြောင်း၊ သေဆုံးသူများလည်း ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *