September 28, 2024

ပုံစာ။ နဝရတ်ရွှေဆိုင်ကို လုယက်သွားသော တရားခံများမြင်ကွင်း။

၂၈. ၉. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်မှာရှိတဲ့ စိန်၊ ပလက်တီနမ်ရတနာဆိုင်ကို စက်တင်ဘာ၂၆ ရက် နေ့လယ်ပိုင်းမှာ စျေးဝယ်ဟန်ဆောင်ပြီး ရောက်လာတဲ့ လူငါးဦးက ဓားပြတိုက်ကာ ဆိုင်ရှိ စိန်ရွှေရတနာပစ္စည်းတွေအကုန် လုယက်သွားကြတယ်လို့ သိရပါတယ်။

CCTV မှတ်တမ်းမှာလည်း မျက်နှာဖုံးအုပ်ထားပြီး သေနတ်ကိုင်ထားတဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး ဆိုင်ထဲကို ဈေးဝယ်သလိုဟန်ပြပြီး သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပြီး ဒီဓားပြမှုမှာ ဖုန်း(၅)လုံး၊ Laptop(၁)လုံးနဲ့ အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ် အတွင်းပစ္စည်းအကုန် လုယက်သွားတယ်လို့ သိရပါတယ်။

နဝရတ် စိန်၊ ပလက်တီနမ်ရတနာဆိုင်ကလည်း “26.09.2024 နေ့လည် (၁၂)နာရီ ဝန်းကျင်ခန့်က မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ်(၁)ရှိ နဝရတ် စိန် ပလက်တီနမ်ဆိုင် ကျွန်မ၏နေအိမ်တွင် အနုကြမ်းစီးခံရလိုက်ရပါသည်။ ကျား(၃)ဦး မ(၂)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့်လာရောက်ပြီး အိမ်အတွင်းသို့စျေးဝယ်ဟန်ဆောင်၍ ဝင်ရာက်ပြီး လက်နက်ပြခြိမ်းခြောက်ကာ ဖုန်း(၅)လုံး၊ Laptop(၁)လုံး အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ် အတွင်းပစ္စည်းအကုန် အားလုံးယူဆောင်သွားပါသည်။လက်ရှိ နဝရတ်ဆိုင်နှင့်ပက်သက်တဲ့ ကိစ္စများကို မိတ်ဆွေများအနေဖြင့် သတိထားပြီး ဆောင်ရွက်ပေးပါရန် ညှိုးငယ်စွာဖြင့် အကူညီတောင်းခံအပ်ပါသည်။ မသင်္ကာစရာသတင်းတစ်စုံတစ်ရာတွေ့ပါက မေတ္တာရှေ့ထားပြီး ဆက်သွယ်အကြောင်းကြားပေးဖို့ အကူအညီတောင်းခံအပ်ပါသည်။🙏🙏🙏(သတ်ပုံမူရင်း)”လို့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ ဘီလမ်း နဲ့ ၇၁ လမ်းမှာရှိတဲ့ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်မှာ ရွှေ ၁၀ ပိဿာ နဲ့ မြန်မာငွေ ကျပ် သိန်း ၁၀၀၀ ခန့် ဓားပြတိုက်ခံခဲ့ရပေမဲ့ တိုက်ရာပါပစ္စည်းတွေနဲ့ တရားခံ ၆ ဦးကို ရက်ပိုင်းအတွင်းဖမ်းမိခဲ့ပြီး ၁ ဦးကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ပုံစာ။ နဝရတ်ရွှေဆိုင်ကို လုယက်သွားသော တရားခံများမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *