September 28, 2024

၂၈. ၉. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းပြည်နယ်များဖြစ်သော ဂျော်ဂျီယာ၊ တန်နက်ဆီနှင့် ကယ်ရိုလိုင်းနားပြည်နယ်များကိုဖြတ်သန်း၍ အဆင့် ၄ ဟာရီကိန်းမုန်တိုင်း Helene က စက်တင်ဘာလ ၂၇ ရက်တွင် တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ၄၃ ဦးသေဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရကြောင်း သိရသည်။

လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ (တစ်နာရီ ၂၂၅ ကီလိုမီတာ)ရှိ ဟာရီကိန်း Helene က ဖလော်ရီဒါပြည်နယ်တွင် ကုန်းတွင်းဝင်ရောက်ပြီးနောက် ဂျော်ဂျီယာပြည်နယ်အတွင်း ဆက်လက်ဝင်ရောက်ခဲ့ရာတွင် ဂျော်ဂျီယာပြည်နယ်၌ အနည်းဆုံး ၁၅ ဦး မုန်တိုင်းကြောင့် သေဆုံးခဲ့သည်။ ထို့ နောက် တောင်ကယ်ရိုလိုင်းနားပြည်နယ်အတွင်းတွင်မူ မုန်တိုင်းကြောင့် ၁၇ ဦးနှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်တို့တွင် နှစ်ဦးအသီးသီး သေဆုံးခဲ့ရသည်။ ရရှိထားသောသတင်းများအရ မုန်တိုင်းကြောင့် ဒေသအတွင်းသေဆုံးရသူ ၄၃ ဦးရှိသည်ဟုဆိုသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံ၏အရှေ့တောင်ပိုင်းပြည်နယ်များအတွင်း အိမ်ရာနှင့်စီးပွားရေးလုပ်ငန်းအဆောက်အအုံ သုံးသန်းကျော်မှာ စက်တင်ဘာလ ၂၇ ရက် ညပိုင်းအထိ လျှပ်စစ်မီးပြတ်တောက်နေဆဲလည်းဖြစ်သည်။

စက်လှေများ၊ ရဟတ်ယာဉ်များနှင့် ယာဉ်ကြီးများကိုအသုံးပြု၍ ရေလွှမ်းမိုးမှုအတွင်း သောင်တင်နေသူများကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တန်နက်စီပြည်နယ်၏ ရေလွှမ်းမိုးမှုခံနေရသော ပြည်နယ်ဆေးရုံအမိုးမှ အလုပ် သမားများနှင့် လူနာ ၅၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂၆ ရက်ညပိုင်းတွင် ကုန်းတွင်းဝင်ရောက်ခဲ့ပြီးနောက် ဖလော်ရီဒါပြည်နယ်၏ Big Bend ဒေသကိုဖြတ်ကာ မြောက်ဘက်ရှိ ဂျော်ဂျီယာပြည်နယ်နှင့် ကယ်ရိုလိုင်းနားပြည်နယ်များသို့ ဆက်လက်ရွေ့လျားခဲ့သော ဟာရီကိန်း Helene က ဒေသအတွင်း အားအကောင်းဆုံးဟုဆိုရမည့် မုန်တိုင်းလည်းဖြစ်ခဲ့သည်။ ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများက မုန်တိုင်းကြောင့် ဒေါ်လာ ဘီလျံနှင့်ချီ၍ ထိခိုက်ဆုံးရှုံးမှုများရှိမည်ဟု ပြောခဲ့ကြသည်။

မုန်တိုင်းဖြတ်သန်းရာတစ်လျှောက် လမ်းများနှင့် အိမ်များက စက်တင်ဘာလ ၂၇ ရက်တွင် ရေလွှမ်းမိုးနေဆဲဖြစ်သည်ကိုတွေ့ကြရသည်။ ဟာရီကိန်း Helene က စက်တင်ဘာလ ၂၇ ရက်တွင် အားနည်းသွားခဲ့ပြီဖြစ်သော်လည်း လေပြင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် တော်နေဒိုးမုန်တိုင်းများဝင်ရောက်နိုင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သေးကြောင်း ရာသီဥတုခန့်မှန်းချက်များက ဖော်ပြခဲ့ကြသည်။

Ref- bbc

Leave a Reply

Your email address will not be published. Required fields are marked *