September 28, 2024

၂၈. ၉. ၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ ရွှေတွင်းတစ်တွင်းတွင် စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းက ရွှေတွင်း တစ်တွင်းပြိုကျခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကာ ၂၅ ဦးပျောက်ဆုံးနေကြောင်း ဒေသသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အီလ်ဟမ် ဝါဟတ်က စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်က နိုင်ငံအနောက်ပိုင်း ဆူမားတြားကျွန်းပေါ်ရှိ အနောက်ဆူမားတြားပြည်နယ်အတွင်း အစွန်အဖျားနေရာတစ်ခု၌ မိုးသည်းထန်စွာရွာသွန်းမှုတစ်ခုအပြီးဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ အီလ်ဟမ် ဝါဟတ်က ၎င်းတို့အနေနှင့် ရွှေတွင်းမြေပြိုကျမှုတွင် မြေအောက်နစ်မြုပ်နေသူများကို ကယ်ဆယ်နိုင်ရေးဆောင်ရွက်နေကြောင်းလည်း ပြောခဲ့သည်။

သတ္တုအရင်းအမြစ်များပေါများစွာထွက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၌ မှတ်ပုံတင်မထားသောသတ္တုတွင်းများကို အများအပြားတွေ့နိုင်ပြီး စွန့်ပစ်ထားသော သတ္တုတွင်းအဟောင်းများဆိုလျှင်လည်း ဒေသခံတို့က လုံခြုံစိတ်ချရမှုကိရိယာများမပါဝင်ဘဲ ရွှေတွင်းများအဖြစ် အသုံးပြုရှာဖွေလျက်ရှိကြသည်။

အီလ်ဟမ် ဝါဟတ်က ပြိုကျခဲ့သောရွှေတွင်းကလည်း တရားမဝင်တူးဖော်လုပ်ကိုင်နေခြင်းဖြစ်သည်ဆိုသည့်အချက်ကိုမူ အတည်ပြုပြောကြားခြင်းမရှိဘဲ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် ရွှေတွင်းတွင်ဆောင်ရွက်နေသော လုပ်ငန်းအားလုံးရပ်ဆိုင်းထားသည်ဟုသာ ပြောခဲ့သည်။

၎င်းက ရွှေတွင်းနှင့်အနီးဆုံးတည်ရှိသည့် ကျေးရွာသို့ရောက်ရှိရန်ပင် နာရီများစွာကြာအောင် လမ်းလျှောက်ရသော​ကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် အရပ်သားများပါ ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများမှာလည်း အခက်အခဲဖြစ်နေရကြောင်း ပြောခဲ့သေးသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီအတွင်း မြေပြိုမှုများဖြစ်ပွားလေ့ရှိရာ ဇူလိုင်လအတွင်းကလည်း အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့သည့် တရားမဝင်ရွှေတွင်းတစ်တွင်း ပြိုကျမှုက နိုင်ငံအလယ်ပိုင်း ဆူလာဝီဆီကျွန်းတွင်ဖြစ်ပွားခဲ့သေးသည်။ မေလကလည်း တောင်ဆူလာဝီဆီပြည်နယ်တွင် ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် အိမ်ပေါင်းများစွာနှင့် လမ်းများပါ ထိခိုက်ပျက်စီးခဲ့ရပြီး အနည်းဆုံး လူ ၁၂၅ ဦး သေဆုံးခဲ့ရသေးသည်။

Ref- AFP

Leave a Reply

Your email address will not be published. Required fields are marked *