September 28, 2024

၂၉.၉.၂၀၂၄
Written By Thandar

ပရဟိတကို ပိုမိုလုပ်ဆောင်လာတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ဆဋ္ဌမအကြိမ်မြောက် အလှူအဖြစ် ကလောမြို့နယ်အတွင်းက ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးတွေကို ကိုယ်တိုင်သွားရောက်ပြီး အစားအသောက်၊ ငွေကြေး စုစုပေါင်း သိန်း ၄၀၀ ကျော် စုပေါင်းလှူဒါန်းခဲ့ပါတယ်။

“ကျွန်တော်တို့တောင် သွားရလာရတာ ဒီလောက်ခက်ခဲတာ သူတို့တွေ ဘယ်လောက်တောင်ခက်ခဲမလဲလို့ တွေးမိရင် ရင်ထဲ တော်တော့်ကို မကောင်းတာပါ။ ကားလမ်းခရီးမရောက်တဲ့ နေရာတွေကို ကိုဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းက ကားတွေ ကူညီပေးသလို လမ်းမှာ ဆိုင်ကယ်နဲ့ ရထားလမ်းကို ဖြတ်မောင်းနှင်ခဲ့ရတာလည်း ရှိပါတယ်။ တချို့ဆိုရင် အိမ်တွေ ပျက်စီးသွားတယ်။ တချို့က အိမ်ကို မရှိတောတာပါ။ သူတို့တွေ အတွက်လည်း ကျွန်တော့်အနေနဲ့ နိုင်သလောက် အားလုံးကို မျှဝေလှူဒါန်းခဲ့ပါတယ်။ အခက်အခဲတချို့ကတော့ အနည်းငယ် ပြေလည်နိုင်မယ်တော့ ထင်ပါတယ်။ ကျွန်တော်တို့ဆိုရင် လက်ရှိဖျားပါဖျားနေပါတယ်။ အမြန်သက်သာအောင် လုပ်ပြီးရင် ဆက်ပြီးလည်း လှူသွားဦးမှာပါ။ ကျွန်တော့်ကို ယုံကြည်ပြီး ပါဝင်လှူဒါန်းပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် ဖြူဖြူထွေးက ပြောပါတယ်။

အဆိုပါ လှူဒါန်းမှု ခရီးစဥ်မှာတော့ လမ်းပန်းခရီးသွားလာရခက်ခဲတာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်း ကူညီမှုနဲ့အတူ ကလောမြို့နယ် ဆင်တောင်ဘူတာအနီးကျေးရွာမှာ အိမ်ပြိုသွားသူတွေအတွက် ကျပ် ၅ သိန်း၊ အိမ်ပျက်စီးသွားတဲ့အိမ်ကို ကျပ် ၃ သိန်း ၊ နတ်ဘုရားကျောင်းကို ကျပ် ၅ သိန်း၊ အိမ် ၆၈ အိမ်အတွက် တစ်အိမ် တစ်သိန်း နှုန်းနဲ့ ၆၈ သိန်း၊ ကလော မြင်းဒိုကျေးရွာ လမ်းပြုပြင်ဖို့အတွက် ကျပ် ၁၀ သိန်းနဲ့ စတာတွေ ကျပ်သိန်း ၁၅၀ ဖိုးအပြင် လိုအပ်တဲ့ပစ္စည်းတန်ဖိုးက ကျပ်သိန်း ၃၀၀ ကျော် စုစုပေါင်း သိန်း ၄၀၀ ကျော် စုပေါင်းလှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *