September 28, 2024

၂၈. ၉. ၂၀၂၄
Written by Nyein Kyaw

လာမည့်ရက်သတ္တပတ်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် FX Trading Platform မှတစ်ဆင့် ထိုင်းဘတ်သန်း ၃၀ နှင့် တရုတ်ယွမ် ၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိ‌ပေးကြေညာထားသည်။

သွင်းကုန်လုပ်ငန်းရှင်များအတွက် ထုတ်ရောင်းပေးမည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်များအား မည့်သည့်နှုန်းထားဖြင့် ထုတ်ရောင်းပေးမည်ကိုမူ ဗဟိုဘဏ်မှ ထည့်သွင်းထုတ်ပြန်ထားခြင်း မရှိပေ။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ရာ ယခုထပ်မံရောင်းချ‌ပေးမည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်များအပါအဝင် ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ နှစ်လအတွင်း ထိုင်းဘတ်သန်း ၃၂၀ ကျော်နှင့် တရုတ်ယွမ် ၂၈ သန်းဝန်းကျင်အထိ ထုတ်ရောင်းပေးထားသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီ အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သလို ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ နှစ်လအတွင်း ဒေါ်လာသန်း ၃၀၀ ကျော်အထိ ရောင်းချပေးထားခြင်းဖြစ်သည်။

စက်တင်ဘာ ၂၇ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် ဗဟိုဘဏ်၏ Online Trading Platform တွင် တရုတ်ယွမ် တစ်ယွမ်လျှင် ၄၉၈ ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၆ ကျပ်ရှိပြီး ယနေ့တွင် ပြင်ပဈေးကွက်၌ တရုတ်ယွမ် တစ်ယွမ်လျှင် ၆၇၃ ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် ၁၄၆ ကျပ် ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *