September 28, 2024

၂၈. ၉. ၂၀၂၄
Written by Nay Moe

ဇနီးမောင်နှံနှစ်ဦးအပါအဝင် လူ ၄ ဦးကို PDF များက သေနတ်၊ ဓားတို့ဖြင့် ထိုးခုတ်သတ်ဖြတ်မှု စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင်ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ကျေးရွာအနီး၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိုးဝင်း (၆၂)နှစ်သည် ကျေးရွာအပြင်ဘက်ရှိ ၎င်းပိုင်ယာခင်းမှ နေအိမ်သို့ တစ်ဦးတည်း ခြေလျင်ပြန်လာစဉ် ဒေသအခေါ် သဲချောင်းအနီးအရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးဝင်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၇ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးကျော်ဆွေဝင်း(၅၁)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းမိုးခိုင်(၅၁)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ခင်စိုးလှ(၆၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာထိပ်အရောက် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဥ်များမှ ကျုးလွန်သူများအား ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *