September 28, 2024

MT News
၂၈. ၉. ၂၀၂၄

တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်အတွင်း အပြီးအပြတ်လုပ်ဆောင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ညွှန်ကြားထားသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားထားသည့်အတွက် သတ်မှတ်ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးစခန်းများ ရှိ ပြည်သူများကိုလည်း သန်းခေါင်စာရင်း မကောက်ယူမီ သက်ဆိုင်ရာနယ်မြေအလိုက် ရေပြန်ကျချိန်များတွင် မိမိတို့၏ အိမ်များသို့  ပြန်လည်ပြီး အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးမှုများ ပြုပြင်ပေးနိုင်ရေးကိုလည်း တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့် စပ်လျဉ်း၍ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များအလိုက် လမ်းပျက်စီးမှုများကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝပျက်စီးသွားသည့် တံတားများလက်တလောသွားလာနိုင်ရန် ယာယီတံတားများဆောင်ရွက်ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး လမ်းညွှန်မှာကြား ထားသည့်အတွက် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် မြေပြင်စာရင်း မှန်ကန်ရေးမှာ အရေးကြီးသည့်အတွက် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက စာရင်းအချက်အလက် ကောက်ယူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သို့မှသာ အချက်အလက် မှန်မှန်ကန်ကန်သိရှိပြီး ပြန်လည်ထူထောင် ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများအနေဖြင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း စာရင်းဇယားများအရ နိုင်ငံအဝှမ်း၌ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊  ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင် ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေး ကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိကြောင်းသိရှိရပြီး ရေဘေးသင့်ဒေသများသို့ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *