September 27, 2024

၂၇. ၉. ၂၀၂၄
Written by Nyein Kyaw

ယခု ၂၀၂၄ ခုနှစ် ငါးလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ငါးသိန်းကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ပြည်ပခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေ့ပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမငါးလအတွင်း ငါးသိန်းကျော် ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ယခင်နှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့် နေရာတွင် နိုင်ငံ၏စီးပွား‌ရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထား ဆောင် ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး ဖြစ်နိုင်သည့်လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင်လည်း SAC ဥက္ကဋ္ဌကိုယ်တိုင် ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည် ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၁,၂၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကာ တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၂၁,၅၃၇ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *