September 27, 2024

၂၇.၉.၂၀၂၄
Written By Thandar

ရုပ်ရှင်နဲ့ ဂီတလောကသားတွေ ပါဝင်တဲ့ ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေး ဖူဆယ်ရန်ပုံငွေဘောလုံးပြိုင်ပွဲ Grand Final ပွဲကို ယနေ့ စက်တင်ဘာ ၂၇ရက် နေ့လည် ၁နာရီ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ ဖူဆယ်အားကစားရုံမှာ ကျင်းပခဲ့ရာမှာ Music FC က ပထမဆုရပြီး ကျပ် ၂၅ သိန်းဆွတ်ခူးကာ ဗိုလ်စွဲခဲ့ပါတယ်။

“ပထမဆု Music FC က ၁၁ ဂိုးနဲ့ Friends FC က ၈ ဂိုးနဲ့ ဒုတိယဆုရခဲ့ပါတယ်။ ပထမဆုကြေးငွေက ကျပ် ၂၅ သိန်းရရှိတာပါ။ Music FC က ဒီ ဆုကြေးငွေတွေ မယူပါဘူး။ အကုန်ရေဘေးအတွက် ပြန်လှူခဲ့ပါတယ်။ ဒုတိယဆုရတဲ့ Friends FC က ကျပ် ၁၅သိန်းရပါတယ်။ သူတို့ရော တတိယဆု Movie FC ကလည်း ကျပ် ၁၀ သိန်းကိုအားလုံးက ရေဘေးအတွက် ပြန်လှူခဲ့တဲ့အတွက်အတိုင်းမသိ ဝမ်းသာမိပါတယ် ” လို့ ဘောလုံးပွဲစီစဉ်သူကိုရဲထွဋ်က MT Entertainment ကို ပြောပါတယ်။

အဆိုပါ ဘောလုံးပြိုင်ပွဲမှာတော့ ဖျော်ဖြေရေးအနေနဲ့ အဆိုတော်တွေဖြစ်တဲ့ Examplz ၊ Dဖြိုး၊ အစ္စဏီ၊ Ice Cold၊ ရာဝန၊ ရော်ရွက်၊ မင်းသန့်၊ Young P၊ သီဟလူ၊ Jenny၊ မီးနို၊ ပိုးမီ၊ မေမဒီ၊ ငွေဇင်လှိုင်း၊ Bwar Bwar တို့က တေးသီချင်း‌တွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ရက်အလိုက်ဘောလုံးပွဲစဥ်ကို စက်တင်ဘာ ၂၄ ရက်ကနေ စက်တင်ဘာ ၂၇ ရက်အထိ အသင်း ၄ သင်းက ဆော့ကစားယှဉ်ပြိုင်ခဲ့ရာ အုပ်စု စတုတ္ထနေရာကို ရန်ကုန်တိုင်း အမျိုးသမီးလက်ရွေးစင်အသင်း YW FC ၊ အုပ်စု တတိယနေရာကို Movie FC ၊ အုပ်စု ဒုတိယနေရာကို Friend FC နဲ့ အုပ်စုပထမဆုကိုတော့ Music FC က ရရှိခဲ့ပါတယ်။

“ကျွန်‌တော်တို့ Movie FC အသင်း တတိယရရှိခဲ့ပါတယ်။ ဒီတတိယ ဆုငွေ ၁၀ သိန်းကိုလည်း ရေဘေးသင့်ဒေသများအတွက် ပြန်လည်လှူဒါန်းခဲ့မှာပါ။ ဖူဆယ်‌ဘောလုံးပြိုင်ပွဲကြီးကျင်းပစဉ်မှာ ရရှိလာတဲ့ အလှူငွေကျပ် ၁၅၆ သိန်းကျော်ကိုလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ” လို့ Movie FC က သရုပ်ဆောင်ကျော်ကျော်က ပြောပါတယ်။

ဖူဆယ်ဘောလုံးပြိုင်ပွဲက ရရှိလာတဲ့ ရန်ပုံငွေ‌တွေကို “ ရေဘေးသင့်ပြည်သူ ” တွေအတွက် လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *