September 27, 2024

၂၇. ၉. ၂၀၂၄
Written by Thettant

ဒီနေ့ စက်တင်ဘာ ၂၇ ရက် ည ၇ နာရီခွဲအချိန်က စတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Lumpinee အားကစားကွင်းမှာ ကျင်းပနေတဲ့ ONE Friday Fights 81 မှာ တွေ့မရှောင်ပေါက်စလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ဆယ်ကျော်သက်ဖိုက်တာ သန့်ဇင်နဲ့ ဂျပန်ကစ်ဘောက်ဆင်ချန်ပီယံ တခဲရုတို့ ယှဥ်ပြိုင်ထိုးသတ်ရာမှာ သန့်ဇင်က တခဲရုကို ပထအချီမှာ အမှတ်စဥ်ရေခံရအောင် ထိုးနိုင်ပေမဲ့ ဒုတိယအချီမှာ အလဲထိုးနဲ့ ရှုံးခဲ့တာကြောင့် မြန်မာဖိုက်တာနှစ်ယောက်ကို ကမ္ဘာကစောင့်ကြည့်တဲ့ပွဲမှာ စိုးလင်းဦးဟာ သူ့ထက် ၉ လက်မပိုမြင့်တဲ့ မွေထိုင်းဖိုက်တာ နာဘီလ်ကို အနိုင်ရအောင်ထိုးဖို့ လိုအပ်လာပေမဲ့လည်း နာလ်ဘီကတော့ အရပ်အမောင်းအားသာချက်၊ ခြေတံလက်တံအလွန်ရှည်လျားမှုအားပြုပြီး စိုးလင်းဦးကို အမှတ်နဲ့ အနိုင်ယူသွားနိုင်ခဲ့ပါတယ်။

နာဘီလ်က စိုးလင်းဦးထက် အရပ် ၉ လက်မပိုမြင့်သလို မွေထိုင်း ဘင်တန်ဝိတ်တန်းမှာ အဆင့် (၄) နေရာ ရပ်တည်နေသူဖြစ်လို့ ပထမအချီမှာ စိုးလင်းဦးအဖို့ ခက်ခဲခဲ့ပါတယ်။ နာဘီလ်က အကွာအဝေးထိန်းပြီး အဝေးကန်ချက်တွေ၊ ဒူးတိုက်ချက်တွေ ထောက်ခြေ၊ ထောက်လက်တွေနဲ့ အနိုင်ယူဖို့ ကြိုးပမ်းသလို စိုးလင်းဦးအနားကပ်လာရင်လည်း ရှည်လျားလှတဲ့လက်တံနဲ့ ခေါင်းကိုတွန်းပြီး ဒူးတိုက်ဖို့ တံတောင်ရိုက်ဖို့ လုပ်နေတာပါ။ ဒုတိယအချီမှာလည်း နာဘီလ်က တစ်ပုံစံတည်းဆော့ပြီး အပူးမခံလို့ အရပ်ကွာဟချက်အောက်မှာ စိုးလင်းဦး တော်တော့်ကို ထိုးရခက်နေခဲ့တာပါ။ တတိယအချီမှာလည်း နာဘီလ်က စိုးလင်းဦးကို လုံးဝအကပ်မခံသလို လွတ်အောင်ရှောင်ရင်း နင်းခြေ၊ ထောက်ခြေ၊ အဝေးကန်ချက်၊ ဒူးတိုက်ချက်တွေနဲ့ သုံးချီအပြည့်အကွာအဝေးထိန်းဆော့ရင်း စိုးလင်းဦးကို ဖင်ထိုင်ကျအောင် ကန်ပြရင်းနဲ့ပဲ နိုင်ပွဲရယူသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မြန်မာ့ဖိုက်တာနှစ်ယောက်ဖြစ်တဲ့ သန့်ဇင်နဲ့စိုးလင်းဦးဟာ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပေမဲ့လည်း သန့်ဇင်ဟာလည်း ကမ္ဘာကျော်ကစ်ဘောက်ဆင်ဖိုက်တာ တခဲရုကို ပထမအချီမှာ ဖင်ထိုင်ကျပြီး အမှတ်စဥ်အရေခံရအောင် ထိုးပြနိုင်ခဲ့သလို စိုးလင်းဦးကလည်း နာဘီလ်ကို အလဲထိုးမခံခဲ့ရတာကကို တော်သေးတယ်လို့ပဲ ဖြေတွေးတွေးရတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *