September 27, 2024

◾️ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စတင်နေပြီဟုပါ ပြော

၂၇. ၉. ၂၀၂၄
Written by Nyein Kyaw

လက်ရှိနိုင်ငံ့အခြေအနေ၊ ပြောင်းလဲလာသော နိုင်ငံတကာအခြေအနေနှင့် ငြိမ်းချမ်းရေးကို လိုလားသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်များ၏ သဘောဆန္ဒ စသည့်အချက် ၃ ချက်ကြောင့် PDF များအပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံးကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် ပါတီနိုင်ငံရေးနှင့် ရွေးကောက်ပွဲလမ်းကြောင်းမှ ဆက်သွယ်ဖြေရှင်းရန် ဖိတ်ခေါ်ကမ်းလှမ်းခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံရေးအရ မသမာမှုပြုလုပ်သည့် နိုင်ငံရေးပြဿနာဖြစ်သည်။ ထို့ကြောင့် တပ်မတော်က တရားဥပဒေနှင့်အညီ လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရ၏ အဓိကတာဝန်ရှိသူများမှ ဖြေရှင်းပေးရမည့်နည်းလမ်း စသည့် နည်းလမ်းပေါင်းစုံနှင့် ဖြေရှင်းရန်ဆောင်ရွက်ခဲ့သော်လည်း မရရှိခဲ့သည့်အပြင် နိုင်ငံရေးပြဿနာကို ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ တည်ထောင်ကာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက် (ယနေ့)အထိ ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်းသံဃာ ၈၄ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော်သေဆုံးခဲ့ပြီး ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ကြောင်းနှင့် စာသင်ကျောင်း၊ ဘုန်ကြီးကျောင်း၊ စက်ရုံအလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အအုံ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော်ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒါက နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နစ်နာမှုတွေပဲဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီကြေညာချက်ကို ထုတ်ခြင်းဖြစ်ပါတယ်။ ဒီကြေညာချက် ထုတ်ပြန်ရခြင်း အကြောင်းတွေကတော့ (၁) ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပထမအချက်အနေဖြင့် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စတင်နေပြီး နိုင်ငံသူ၊နိုင်ငံသားတိုင်း ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိရန်လိုပြီး လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရမည်ဖြစ်သည်။ ထို့အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အရေးကြီးပြီး ယင်းအချက်များကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖိတ်ခေါ်ကမ်းလှမ်းခြင်း ဖြစ်သည်။

“ဒီကနေ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။ နိုင်ငံသူ/နိုင်ငံသားတိုင်း နေရာဒေသမ‌ရွေး ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် နိုင်ငံတကာအခြေအနေကို လေ့လာကြည့်မည်ဆိုပါက ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားပြိုင်ဆိုင်မှုသည် ပိုမိုများပြားပြင်းထန်လာခြင်းကို တွေ့ရမည်ဖြစ်ပြီး ရုရှား-ယူကရိန်းကိစ္စ၊ အ‌ရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စများမှာ ထင်ရှားသည့် မြင်ကွင်းများသာဖြစ်ကြောင်း၊ အဆိုပါအခြေအနေများတွင် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်အနေဖြင့် ပြည်တွင်းစည်းလုံးညီညွတ်မှု၊ ခိုင်မာမှုမရှိပါက နိုင်ငံပါပျောက်ကွယ်သွားနိုင်သည်အထိ အန္တရာယ်များကြောင်း ထောက်ပြထားသည်။

“ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလှပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက် ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တတိယအချက်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသော တချို့တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့စည်းများနှင့် လူပုဂ္ဂိုလ်များ၏ ဆန္ဒသဘောထားများအပြင် ပြည်သူလူထု၏ နေ့စဉ် လူမှုစီးပွားဘဝလုံခြုံရေး၊ တိုးတက်ရေးကို လိုလားသည့်အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးမှ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မြှင့်တင်ဆောင်ရွက်ပေးရန် အကြံပြုဆန္ဒပြုကြခြင်းကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တိုကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသား လက်နက်ကိုင်အဖွဲအစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲအစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်ကြောင်း စက်တင်ဘာ ၂၆ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *