September 27, 2024

၂၇.၉.၂၀၂၄
Written by Hey Mar

အင်တာနက်ဝိုင်ဖိုင်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦး ဓာတ်တိုင်ပေါ် လှေကားထောင်တက်ကာ ဝိုင်ဖိုင် တပ်ဆင် ပြုပြင်ခြင်းလုပ်ငန်းတွေဆောင်ရွက်နေစဉ် ဓာတ်လိုက်သေဆုံးမှု ဒီနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က တောင်ဥက္ကလာပမြို့နယ် ၊ စီမံကိန်းရပ်ကွက် ၊ သဇင်လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်‌ တွေ့ရှိတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက MT News ကို ပြောပါတယ်။

အဆိုပါ ဝိုင်ဖိုင်လိုက်လံတပ်ဆင်တဲ့ ဝန်ထမ်းဟာ မဟာနက် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းက ဝန်ထမ်းလို့ သိရှိရပြီး ဓာတ်လိုက်ခံရသူလူငယ်က အသက် ၃၀ နှစ်အောက်လို့ ခန့်မှန်းရကြောင်း မျက်မြင်တွေ့ရှိသူက ဆိုပါတယ် ။

တောင်ဥက္ကလာပမြို့နယ် ၊ စီမံကိန်းရပ်ကွက် ၊ သဇင်လမ်းမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက “တန်းလန်းကြီးဖြစ်‌နေတာကို ရပ်ကွက်က ဝါးလုံးတွေနဲ့ ဝိုင်းကူထိုးချပေး၊ ‌သူတို့ပါတဲ့ ကားနဲ့ပဲ ကားပေါ်တင်ပြီး ဆေးရုံပြေးတဲ့အထိ ကူပေးခဲ့တယ်။ ဆေးရုံမှာ ဆုံးတယ်လို့လည်း ရပ်ကွက်ထဲက စံပြဆေးရုံထိ လိုက်ကူညီတဲ့သူတွေ ပြန်လာတော့ ပြောတယ် ” လို့ MT News ကို ပြောပါတယ်။

ဝိုင်ဖိုင်ကြိုးတွေကို တိုင်သီးသန့်မလုပ်ဘဲ လျှပ်စစ်မီးတိုင်တွေမှာ ချိတ်ဆွဲသွယ်တန်းတာ တွေကြောင့် တပ်ဆင် ပြုပြင်သူ‌တွေမှာ လျှပ်စစ်အန္တရာယ်နဲ့ မကြာခဏကြုံ‌ တွေ့နေရသလို မီးတိုင်တွေမှာ ခွေလိပ်တပ်ဆင်ထားတဲ့ ဝိုင်ဖိုင်ကြိုးတွေ အိကျကာ လမ်းသွားလမ်းလာ စက်ဘီး၊ ဆိုက်ကား၊ မော်တော်ယာဉ် စတာတွေနဲ့ မကြာခဏ ချိတ်မိ ငြိမိတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပြီး စက်ဘီး ဆိုင်ကယ်တွေ အရှိန်နဲ့မောင်းလာစဉ် ဝိုင်ဖိုင်ကြိုးတန်းနဲ့ တိုက်ကာ လူထိခိုက်တဲ့ ဖြစ်စဉ်တွေလည်း ခပ်စိပ်စိပ်ကြားသိလာရပါတယ်။ (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *