September 27, 2024

၂၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဂြိုဟ်တုမှ ရိုက်ကူးပေးပို့သော ဓာတ်ပုံများအရ တရုတ်နိုင်ငံ၏ Zhou အမျိုးအစား နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောမှာ တည်ဆောက်ဆဲကာလအတွင်း ဆိပ်ခံတံတားတစ်ခုတွင် ရပ်ထားစဉ် နစ်မြုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးက စက်တင်ဘာလ ၂၆ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော နစ်မြုပ်မှုက ကမ္ဘာ့အကြီးမားဆုံး ရေတပ်ကိုပိုင်ဆိုင်နိုင်ရန် မျှော်မှန်းဆောင်ရွက်နေသည့် တရုတ်အစိုးရအဖို့ ဆုတ်ဆိုင်းမှုတစ်ရပ်ဖြစ်စေခဲ့သည်ဟု ဆိုကြသည်။ တရုတ်အစိုးရအနေဖြင့် နိုင်ငံတကာရေကြောင်းကုန်သွယ်ရေးအတွက် အဓိကကျလှသော တောင်တရုတ်ပင်လယ်တစ်ခုလုံးကိုလည်း ၎င်းကပိုင်ဆိုင်သည်ဟု ပြောကြားသည်အထိ ၎င်း၏ ရေတပ်အင်အားကို ယုံကြည်မှုလွန်ကဲလာခြင်းလည်းဖြစ်သည်ဟု ဆိုနိုင်သည်။

အဆိုပါ တောင်တရုတ်ပင်လယ်အငြင်းပွားမှုကြောင့် တရုတ်အနေနှင့်လည်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ဝမ်နှင့် ဗီယက်နမ်စသည့် ဒေသတွင်းနိုင်ငံများနှင့် ရေပိုင်နက်ပြဿနာဖြစ်ပွားခဲ့ရသည်မှာ နှစ်ကြာရှည်လှပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကဒေသတွင်း မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးများခိုင်မာအောင်ပြုလုပ်ကာ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရေတပ်က ပုံမှန်ဖြတ်သန်းသွားလာသည်သာမက ၎င်းအနေနှင့် လွတ်လပ်မှုရှိသော ရေကြောင်းသွားလာမှုကို ထိန်းသိမ်းသွားမည်ဟု ပြောခဲ့သည်တွင် တရုတ်အစိုးရအနေနှင့် မကျေမနပ်ဒေါသဖြစ်ခဲ့ရသည်။

ထို့ကြောင့်လည်း ၎င်း၏ရေတပ်အား အမေရိကန်ကို ယှဉ်နိုင်မည့် ပင်လယ်ပြာရေတပ်ဖြစ်လာစေရန် တည်ဆောက်နေသည့် တရုတ်အစိုးရအဖို့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောက အစိတ်အပိုင်းတစ်ရပ်အနေနှင့်ပါဝင်ပေမည်။ ထိုသင်္ဘောက မေလနှင့် ဇွန်လကြားနစ်မြုပ်ခဲ့ခြင်းဟုဆိုပြီး ဂြိုဟ်တုဓာတ်ပုံများအရ နစ်မြုပ်နေသောသင်္ဘောအား ဝန်ချီစက်များနှင့်မတင်နေသည်ကိုတွေ့ကြရသည်။ တရုတ်နိုင်ငံအနေနှင့် ၎င်း၏ရေတပ်အင်အားကို အန္တရာယ်ဖြစ်စေလောက်သည့်မြန်နှုန်းဖြင့်တည်ဆောက်နေခြင်းလည်း ဖြစ်ရာ အမေရိကန်ကလည်း တရုတ်ရေတပ်က အနာဂတ်တွင် ၎င်း၏လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်လာစေမည်ဟု ယူဆထားကြသည်။

ထိုကဲ့သို့ တရုတ်၏တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော နစ်မြုပ်သည်ဟုပြောကြားခဲ့မှုအပေါ် ဝါရှင်တန်ရှိ တရုတ်နိုင်ငံသံရုံးကမူ ထိုကိစ္စနှင့်ပတ်သက်၍ ကောင်းစွာမသိရှိခဲ့ကြောင်း၊ ၎င်းနှင့် ပတ်သက်၍ ပံ့ပိုးရန် သတင်းအချက်အလက်များမရှိကြောင်းသာ စက်တင်ဘာလ ၂၆ ရက်က ပြောခဲ့သည်။

ထိုကိစ္စကိုပြောခဲ့သည့် အမည်မသိ အမေရိကန်အရာရှိကလည်း ထိုသို့ပြောကြားမှုအပေါ် အံ့အားသင့်မှုမဖြစ်မိကြောင်း၊ တရုတ်ရေတပ်က ဤကိစ္စကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘော၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာမပြောကြားကြောင်း သိရသည်။

Planet Labs PBC မှ ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါရေငုပ်သင်္ဘောက နစ်မြုပ်မှုမဖြစ်မီ ယန်စီမြစ်အတွင်း Shuangliu သင်္ဘောကျင်းတွင် ရပ်ထားကြောင်းလည်း AP သတင်းဌာနကဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံရေတပ်တွင် နျူကလီးယား စွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးပျံသယ်ဆောင်နိုင်သည့် ရေငုပ်သင်္ဘောခြောက်စီး၊ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ခြောက်စီးနှင့် ဒီဇယ်ပါဝါသုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၄၈ စီးပိုင်ဆိုင်ထားကြောင်း အမေရိကန်စစ်ဖက်က ဆိုသည်။

Ref-AP

Leave a Reply

Your email address will not be published. Required fields are marked *