September 27, 2024

၂၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဟန်ဂေရီအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုန်သွယ်ရေးဝန်ကြီးဖြစ်တဲ့ ပီတာဇစ်ဂျာတိုက MRI အသံလွှင့်ဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ “အခုဆိုရင် ရုရှားအပေါ်ပိတ်ဆို့မှုပြုတာတွေက ရုရှားထက် ဥရောပရဲ့စီးပွားရေးကို လာပြီးထိခိုက်နေတာ ထင်ရှားစွာတွေ့နေရတယ်။ အောင်မြင်မှုလည်းမရဘူး၊ လုံးဝကျရှုံးမှုသာဖြစ်နေရတယ်” လို့ ပြောကြားသွားတယ်လို့ Xinhua သတင်းဌာနက စက်တင်ဘာလ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ပီတာက ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ရုရှားကိုပိတ်ဆို့မှုတွေက ရလဒ်အနေနဲ့တော့ ဥရောပမှာ ငွေကြေးဖောင်းပွမှု တရကြမ်းမြင့်တက်လာတယ်။ လူသုံးကုန်ပစ္စည်းတွေ၊ သဘာဝဓာတ်ငွေ့နဲ့ စားသောက်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်။ ဥရောပတိုက်ဟာ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်လာရတယ်ဆိုတာတွေပဲလို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ပီတာက “ဒါကြောင့်လည်း ဒီပိတ်ဆို့မှုတွေက အောင်မြင်မှုမရ၊ ကျရှုံးမှုသက်သက်ဖြစ်နေတာ၊ ဥရောပတိုက်ရဲ့စီးပွားရေးကို ထိခိုက်နေတာ ပိုလို့တွေ့လာရပြီ” လို့ ပြောခဲ့ပါသေးတယ်။

သူက ရုရှားအပေါ် ပိတ်ဆို့မှု အဆင့်ရှစ်အဖြစ် ထပ်မံပြုလုပ်ခဲ့မယ်ဆိုရင် မှားယွင်းတဲ့ဦးတည်ချက်နဲ့ပြုလုပ်မှု ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ပီတာက “ဟန်ဂေရီအနေနဲ့ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမယ့် ဘယ်လိုအများသဘောတူဆန္ဒကိုမှ ပါဝင်မှာမဟုတ်ဘူး။ စွမ်းအင်ထောက်ပံ့မှုက ဟန်ဂေရီနိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ ပိတ်ဆို့မှုတွေက ကျွန်တော်တို့နိုင်ငံရဲ့ စွမ်းအင်ထောက်ပံ့ရေးကို အန္တရာယ်ဖြစ်လာရင် လက်ခံမှာမဟုတ်ဘူး” လို့လည်းပြောခဲ့ပါတယ်။

ပီတာက “ဒီလိုပိတ်ဆို့မှုတွေ ရုရှားအပေါ်ပြုလုပ်တာက အမေရိကန်စီးပွားရေးအတွက်တော့ အောင်မြင်တယ်လို့ ဆိုနိုင်ပေမယ့် ဥရောပသမဂ္ဂအနေနဲ့က စီးပွားရေးကျဆင်းမှုနဲ့ ထိပ်တိုက်တိုးနေရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ညှိနှိုင်းဆွေးနွေးမှုတွေကသာ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်။ ဒီလို လမ်းကြောင်းတွေကိုပိတ်ပြီး ပိတ်ဆို့မှုပဲလုပ်နေလို့က ယူကရိန်းပဋိပက္ခက ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူး” လို့ ပြောခဲ့ပါသေးတယ်။

Ref-Xinhuanet

Leave a Reply

Your email address will not be published. Required fields are marked *