September 27, 2024

၂၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးလေဝသ ခန့်မှန်းချက်တွေအတိုင်း မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေများမြင့်တက်လာပြီး ဒေသအတွင်း ရေလွှမ်းမိုးမှုတွေကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဒေသအတွင်း ပြည်သူတို့ ရေဘေးနဲ့ထပ်မံကြုံတွေ့ ဒုက္ခရောက်ခဲ့ရရုံတင်မက လန်ပွန်ပြည်နယ်အတွင်းမွေးမြုထားတဲ့ မိ‌ကျောင်းကန်တစ်ခုမှ မိကျောင်းတွေမှာအစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ ဘဝကို ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်နယ်အတွင်း လူသိများတဲ့ မိကျောင်းခြံတစ်ခုပိုင်ရှင်ဖြစ်တဲ့ နတ်သာပတ်ကမ်က့တ်က ကျွန်တော့်အနေနဲ့ ဒီလိုမိကျောင်းတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်ဖို့ချဖို့ရာ အတော်လေး တွန့်ဆုတ်နေခဲ့ရတာပါ။ နောက်ဆုံးမှာ ရေကြီးမှုက မွေးမြူရေးကန်ရဲ့ နံရံကို ကျော်လာနိုင်တဲ့အခါမှာတော့ သူတို့တွေရေကြီးမှုမှာ လွတ်မြောက်မကုန်ကြစေဖို့ ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတာပါလို့ ပြောခဲ့ပါတယ်။

နတ်သာပတ် ရဲ့ မိကျောင်းမွေးမြူရေးကန်က လန်ပွန်ပြည်နယ်အတွင်း မောင်းခရိုင်က ဘန်ဆန်ခါရွမ်ရွာလေးမှာ ရှိတာပါ။ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ရက်အနည်းငယ်မှာ ရေကြီးရေလျှံမှုကြောင့် သူ့ရဲ့ မိကျောင်းမွေးမြူရေးကန်နံရံရဲ့ အစိတ်အပိုင်းတချို့ဟာ ပြိုကျတော့မလိုဖြစ်လာတာတွေ့ရတယ်လို့ ရေးခဲ့ပါတယ်။

ဒီနောက်မှာတော မိုးက ပိုလို့ သည်းထန်စွာရွာသွန်းလာတာမှာ နတ်သာပတ်လည်း မိကျောင်းခြံရဲ့ အုတ်နံရံ အကာတစ်ခုလုံး ပြိုကျသွားနိုင်တာကို စိုးရိမ်လာရပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် မိကျောင်းတွေဟာ ထွက်ပြေးလွတ်မြောက်ကုန်ပြီး အနီးပတ်ဝန်းကျင်နေသူတွေကို အန္တရာယ်ပြုလာကြမှာပါ။ ဒါကြောင့် သူလည်း ဒီအန္တရာယ်က ကာကွယ်ဖို့ သူ့မိသားစုကို မိကျောင်းတွေကိုသတ်ပစ်ဖို့ အကြံကို ထုတ်ပြောခဲ့ရပါတော့တယ်။

အားလုံးကလည်းသဘောတူကြတာကြောင့် မွေးမြုရေးကန် အနီးတစ်ဝိုက်က ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ အရွယ်ရောက်မိကျောင်းတွေထဲက တချို့ကိုသတ်ခဲ့ရတာဖြစ်ပြီး အသေကောင်တွေကို နောက်ပိုင်းပြန်ရောင်းနိုင်ဖို့ အအေးခံသိုလှောင်ထားခဲ့တယ်လို့ နတ်သာပတ်ကဆိုပါတယ်။

သူ့အနေနဲ့ ဒီမိကျောင်းတွေကို မွေးမြူလာတာ ၁၇ နှစ်ခန့် ရှိပြီဖြစ်ပြီး မိကျောင်းအများအပြားကလည်း ၁၇ နှစ်ခန့် ရှိပြီဆိုတော့ မတတ်သာလွန်းလို့ ပြုခဲ့ရပေမယ့် ဒီဆုံးဖြတ်ချက်ချဖို့ သူ့မှာ တော်တော်ခက်ခဲရတယ်ဆိုတာ နတ်သာပတ်က ဝန်ခံခဲ့ပါတယ်။ “ဒီနှစ်မိုးက အရမ်းကိုသည်းထန်တော့ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ မြန်မြန်ဆန်ဆန်ပဲဆုံးဖြတ်ခဲ့ရတော့တယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။

သူက “ပုံမှန်အတိုင်းဆိုရင် ကျွန်တော် မွေးထားတဲ့အရွယ်ရောက်မိကျောင်းတွေကို ဘယ်လိုသတ်ရက်မှာလဲ။ ခုတော့ သူတို့ကို မလွဲမရှောင်သာ ဒီလိုလုပ်ခဲ့ရတယ်။ ဒါကြောင့် နောက်နှစ်အနည်းငယ်အထိ ကျွန်တော်မိကျောင်းမွေးမြူရေး လုပ်ဖြစ်လိမ့်မယ်မထင်ဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

နတ်သာပတ်ရဲ့ မိကျောင်းမွေးမြူရေးခြံမှာ မိကျောင်းကောင်ရေ ၇၀၀ ခန့်ရှိပါတယ်။ ဒီအထဲ အကောင် ၉၀ က အရွယ်ရောက်မိကျောင်းတွေဖြစ်ပြီး တစ်ကန်ထဲမှ‌ဖြစ်ကာ အသက် ၁၇ နှစ်ရှိကြပါပြီ။ နောက်တစ်ကန်မှလည်း ၃၅ ကောင်နဲ့ စုစုပေါင်း အရွယ်ရောက် မိကျောင်း ၁၂၅ ကောင်ကို ရေဘေးမှာအစုလိုက်အပြုံလိုက်သတ်ခဲ့ရတာပါပဲ။

Ref- Thai PBS

Leave a Reply

Your email address will not be published. Required fields are marked *