September 27, 2024

◾ စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်တဲ့ အသက် ၅၃ နှစ်ပြည့် မွေးနေ့အကြိုအလှူအနေနဲ့ ကျပ်သိန်း ၉၀ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်

၂၇.၉.၂၀၂၄
Written By Thandar

ဆယ်စုနှစ်များစွာ ပရိသတ်ဆီက အချစ်တွေကို ရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုကတော့ ဒုတိအကြိမ်မြောက် ရေဘေးသင့်ပြည်သူတွေရှိတဲ့ နေပြည်တော် လယ်ဝေးအနီးက ရွာ ၅ ရွာကို အစားအစာ၊ အဝတ်အထည်နဲ့ ငွေကြေးတချို့ ကိုယ်တိုင်သွားရောက် လှူဒါန်းပြီး နှစ်သိမ့်စကားတွေပြောဆိုခဲ့ပါတယ်။

“ရေဘေးအတွက်ပေါ့။ မဆင့်က အဝတ်အထည်တွေလှူဖြစ်တာပါ။ မဆင့်မှာ အပေါဆုံးကတော့ အဝတ်အစားပေါ့နော်။ မဆင့်မှာက မြန်မာအင်္ကျီတွေများတယ်လေ။ အကုန်လုံးအတွက် အဆင်ပြေသွားတာပေါ့။ မိတ်ဆွေတချို့က သူငယ်ချင်းတွေက မဆင့်ဆီမှာ ဝိုင်းပြီး လှူပေးကြတယ်။ ဒုတိယနေ့အလှူပါ။ လယ်ဝေးအနီး ရွာ ၅ ရွာကို လှူဖွယ်ပစ္စည်းသွားလှူတာပါ။ ကိုယ်တိုင်က တပွေ့တပိုက်နဲ့ ကိုယ့်ကိုမြင်တော့ ခဏတာပျော်သွားတဲ့ မျက်နာလေးတွေမြင်ရတော့ လှူရကျိုး၊ သွားရကျိုးနပ်ခဲ့ရပါတယ်။ စေတနာရှင်များလည်း ကုသိုလ်ထပ်တူရကြပါစေရှင့်”လို့ အကယ်ဒမီ မေသန်းနုက ပြောပါတယ်။

သူမကတော့ သရုပ်ဆောင် ပွင့်နဒီမောင်တို့ဦးဆောင်တဲ့ မေတ္တာအသင်္ချေအသင်းနဲ့လည်း ပူပေါင်းပြီးတော့ ရေဘေးအတွက် ဆက်လက်လှူဒါန်းမှုတွေ လုပ်ဆောင်သွားမယ် ဆိုပါတယ်။ မေသန်းနုကတော့ ရေဘေးအတွက် အဝတ်အစား ၃၀၀၀ ကျော် ပထမအကြိမ်လှူဒါန်းခဲ့ပြီးလည်းဖြစ်ပါတယ်။

“အနွေးထည်တွေကိုတော့ ကလောဘက်မှာ လှူပါမယ်။ ယောက်ကျားဝတ်လေးတွေရော ကလေးအင်္ကျီလေးလည်း ပါပါတယ်။ အစုံလိုအပ်မှာတွေ ပါပါတယ်။ ကိုယ်တိုင်သွားလှူဖြစ်တာပါ။ ကိုယ်မသွားနိုင်တာကိုတော့ တစ်ဆင့်လှူပေးမှာပါ။ ဖြစ်နိုင်ရင် မဆင့်က အများကြီး လှူချင်တာပါ။ ငယ်ငယ်က မီးဘေးရော ကြုံဘူးတယ်လေ။ ရေဘေးက ပိုဆိုးတာပေါ့။ သူတို့က ဘဝအသစ်ကပြန်စရမှာဆိုတော့ အသက်လုပြေးရတာမို့လေ။ သူတို့ ကူရာမဲ့ ကယ်ရမဲ့ဆိုတော့လေ စိတ်မကောင်းဘူး”လို့ သူမကဆက်ပြောပါတယ်။

မေသန်းနုအပြင် မပွတ်ကျွတ်လို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီး အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ ယနေ့ စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်တဲ့ အသက် ၅၃ နှစ်ပြည့် မွေးနေ့အကြိုအလှူအနေနဲ့ ကျပ်သိန်း ၉၀ လှူဒါန်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

“Happy Birthday ပါ အချစ်ဆုံးမေမေ၊ အသက် ၁၀၀ ကျော်ထိနေပေးပါ” လို့ သမီးလေးဖြစ်သူ စံထိပ်ထားဦးက ပြောပါတယ်။

သူမကတော့ မွေးလဖြစ်တဲ့အတိုင်း မွေးနေ့ရက်မတိုင်ခင်ကတည်းက ကြိုပြီး မွေးနေ့အလှူအနေနဲ့ အလှူငွေ သိန်း ၉၀ ကို Online Donation Group ဆီ ရေဘေးသင့် ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအနေနဲ့လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ ယနေ့ စက်တင်ဘာ ၂၇ ရက်ကတော့ အသက် ၅၃ နှစ်ပြည့်သွားပြီလည်းဖြစ်ပါတယ်။

“ကိုယ်တိုင်ရေဘေးဒုက္ခကို ခံစားဖူးလို အများကြီးကိုယ်ချင်းစာမိပါတယ်ရှင့်။ အသက်အန္တရာယ်ကြုံရတဲ့အထိမြင်တွေ့ရတာတွေလည်း စိတ်မချမ်းသာဖြစ်ရပါတယ်။ အမြန်ဆုံးရေကျပြီး အခက်အခဲတွေကျော်လွှားနိုင်ကြဖို့​ဆုတောင်းပါတယ်ရှင်”လို့ အကယ်ဒမီ ခိုင်သင်းကြည်က မွေးနေ့အကြိုအလှူငွေလှူဒါန်းရင် ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *