September 27, 2024

၂၇.၉.၂၀၂၄
Written by TZ

ရာဂီမုန်တိုင်းကြောင့် အိုးအိမ်များပျက်စီးဆုံးရှုံးသွားသည့်ရေဘေးသင့် ပြည်သူများကို တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဦးဆောင်၍ ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် ​မြို့နယ် (၈) မြို့နယ်ကို ငွေသား ကျပ် သိန်းတစ်ထောင်ကျော်နှင့်အဝတ်အထည်များ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့စက်တင်ဘာလ ၂၇ ရက် နံနက်ခင်းအချိန်တွင် တောင်ငူမြို့ရှိ တိက္ခသာ​ရကေတုမတီ သီတဂူဗုဒ္ဓတက္ကသိုလ် ​ကျောင်းအုပ်ဆရာ​တော်ဒေါက်တာ ဘဒ္ဒန္တထံ​ ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် အုတ်တွင်းမြို့တို့ရှိ ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ငွေသား ကျပ်သိန်း ၃၀၀ ကို တနင်္သာရီတိုင်း​ဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌမှ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများကို ယနေ့နံနက်တွင် တောင်ငူမြို့၊ မေတ္တာရောင်ခြည်ကျောင်းတိုက်ရှိ ညောင်သုံးပင်ကျေးရွာမှ ရေဘေးသင့်သည့် အိမ်ခြေ ၂၀၀၊ အိမ်ထောင်စု ၅၀၀ ကျော်ကို တစ်အိမ်ထောင်လျင် ငွေသား ကျပ် ၂၀၀၀၀၊ ဆန်(၆) ပြည်တစ်အိတ်၊ ၁ လီတာရေသန့် (၂) ဗူး၊ ဖိနပ်နှင့် အဝတ်အစားများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

“ငွေသားသိန်း ၁၆၀၀ ကို လှူဒါန်းသွားမှာ။ လှူမဲ့မြို့တွေက တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ သာဂရမြို့၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဥ်းမနား၊ ရမည်းသင်းနဲ့ လူကယ်ပြန်ဝန်ကြီးဌာနတို့ကို လှူဒါန်းသွားမှာ။ အဲ့ဒီမြို့တွေက အဆိုးရွားဆုံးရွာတွေကို လှူဒါန်းသွားမှာ။ အဝတ်အထည်တွေဆို သင်္ဘောနဲ့ကားနဲ့တင်လာတာ။ ကားပေါ်မှာ အထုပ် ၅၀၀ ကျော်ပါတယ်။ သင်္ဘောထဲမှာလည်း ပါတယ်” ဟု ​မြိတ်မြို့၊ ​အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် စာချဆရာ​တော် ဘဒ္ဒန္တ ကဝိသာရက MT News သို့ မိန့်ကြားသည်။

အဆိုပါ လှူဒါန်းမှုများကို တနင်္သာရီဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြိတ်မြို့ ​”မော်​တောင်ပရိယတ္တိစာသင်တိုက်” ဆရာ​တော်ဦး​ဆောင်၍ မြိတ်​ဒေသလုံးဆိုင်ရာ ဂိုဏ်း​ပေါင်းစုံမှ ဆရာ​တော် သံဃာ​တော်များ၊ သီလရှင်ဆရာကြီး ဆရာ​လေးများ၊ ဒါယကာ ဒါယိကာမများက စု​ပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

Photo – Ven Kavi Myeik

Leave a Reply

Your email address will not be published. Required fields are marked *