September 27, 2024

၂၇. ၉. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် ၂ နှစ်ကျော်အတွင်းက တင်ပို့ထားသော ပို့ကုန်ရငွေများကိုပါ ပြင်ပတွင် ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းချနိုင်ရန် ဖြေလျှော့ထားပြီးဖြစ်၍ သတ်မှတ်ရက်ဖြစ်သည့် နိုဝင်ဘာ ၃၀ ရက်မတိုင်မီ ပို့ကုန်ရငွေများ အမြန်ဆုံးပေးသွင်းရန်နှင့် ပျက်ကွက်သူများအား အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်တင်ဘာ ၂၆ ရက် (ယမန်နေ့)တွင် အသိပေးကြေညာထားသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ရငွေများအပေါ် ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) အရ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၇-၈-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၄) ဖြင့် ပြင်ဆင်သတ်မှတ်ပေးပြီးဖြစ်သည်။

ယခုအခါ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ရာတွင် ဖြေလျော့ပေးသည့်အနေဖြင့် (၃-၄-၂၀၂၂) ရက်နေ့မှ (၇-၈-၂၀၂၄) ရက်နေ့အထိ တင်ပို့ခဲ့သည့် Export Declaration (ED) များအတွက် (၉-၈-၂၀၂၄) ရက်နေ့မှ (၃၀-၁၁-၂၀၂၄) ရက်နေ့အတွင်း ပြန်လည်ပေးသွင်းသော Exporter များအား ၂၅ ရာခိုင်နှုန်း/၇၅ ရာခိုင်နှုန်း အချိုးဖြင့် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်သည်။

ပို့ကုန်ရ‌ငွေအား ၂၅ ရာခိုင်နှုန်း- ၇၅ ရာခိုင်နှုန်းအချိုးဖြင့် ပြင်ဆင်မသတ်မှတ်မီကာလအထိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုကုန်ရငွေများကို ၃၅ ရာခိုင်နှုန်း- ၆၅ ရာခိုင်နှုန်းအချိုး (ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကိုသာ ပြင်ပတွင် လွတ်လပ်စွာရောင်းချရခြင်း) ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂ နှစ်ကျော်အတွင်းက တင်ပို့ထားသည့် ပို့ကုန်လုပ်ငန်းရှင်များ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်ပေးသွင်းမည်ဆိုပါက ၂၅ ရာခိုင်နှုန်း- ၇၅ ရာခိုင်နှုန်းဖြင့် ပေးသွင်းရမည်ဖြစ်သောကြောင့် ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပတွင် လွတ်လပ်စွာ ရောင်းချနိုင်တော့မည်ဖြစ်သည်။

ယင်းကဲ့သို့ ဖြေလျှော့ထားပြီးဖြစ်၍ သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခြင်းမရှိပါက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ကုမ္ပဏီဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရေးယူခြင်းကိုလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းကိုလည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေးအတွက် ဖြေလျော့ပေးထားသည့်ကာလဖြစ်သော (၉-၈-၂၀၂၄)ရက်နေ့မှ (၃၀-၁၁-၂၀၂၄) ရက်နေ့အတွင်း ပို့ကုန်တင်ပို့သူများအနေဖြင့် (၃-၄-၂၀၂၂) ရက်နေ့မှ (၇-၈-၂၀၂၄) ရက်နေ့အထိ တင်ပို့ခဲ့သည့် ED များအတွက် မပျက်မကွက် ပြန်လည်ပေးသွင်းရန်ဖြစ်ကြောင်းနှင့် နိုင်ငံကြီးသားပီသစွာ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထပ်မံနှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *