September 27, 2024

၂၇.၉.၂၀၂၄
Written By Thandar

ကျွန်မဗီလိန် ဇာတ်လမ်းတွဲကတစ်ဆင့် ပရိသတ်အားပေးမှုများစွာရှိလာတဲ့ သရုပ်ဆောင် ရဲရင့်မောင်မောင်တို့က ရေဘေးသင့်နေရာတွေဖြစ်တဲ့ အင်းလေး၊ အင်းတိန်နဲ့ ကလောဒေသဘက်ကို ဒုတိယအကြိမ်သွားရောက်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ လက်တွဲကူညီကြပါစို့ အဖွဲ့က ညီအစ်ကို မောင်နှမတွေ ဒုတိယအကြိမ် စုပေါင်းပြီးတော့ အင်းလေး၊ အင်းတိန်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူတွေဆီကို သွားလှူမှာပါ။ လူတိုင်းခက်ခဲကျပ်တည်းနေကြတယ်ဆိုပေမယ့် ကျွန်တော်တို့က ထမင်းပုံမှန်လေး စားနိုင်သေးတယ်။ တကယ့်ကို ရေဘေးကြောင့် အိမ်တွေ အကုန်စွန့်ပြီး သွားနေထိုင်ရ သူတွေအတွက်က တော်တော်အဆင်မပြေတာတွေ ကြုံတွေ့နေတာမို့ စိတ်ထဲလည်း မကောင်းဖြစ်ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ နိုင်တဲ့ဘက်ကနေ ကူညီပါဝင်လှူဒါန်းကြမှာပါ။ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ စေတနာထက်သန်စွာ ထည့်ဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အဖွဲ့က မြေပြင်က လက်ရှိအခြေအနေတွေကို တကယ်သွားရောက်လှူဒါန်းကူညီခဲ့တာကို မကြာခင်မှာ ပြန်လည်ဖော်ပြပေးပါမယ်”လို့ သရုပ်ဆောင် ရဲရင့်မောင်မောင်က ပြောပါတယ်။

အဆိုပါလှူဒါန်းမှုမှာတော့ စည်သွပ်ဘူး ၁၅၅၀ ဘူး၊ အိမ်ချက် စည်သွပ်ဘူးမျိုးစုံဖြစ်တဲ့ (ငါးကြင်း၊ ငါးဖယ်၊ စားတော်ပဲ၊ သီးစုံပဲ ကုလားဟင်း၊ ငါးပိရည်ကြို )၊ ဖွားထွေးလက်ဖက်က လှူဒါန်းတဲ့ လက်ဖက်အထုပ် ၁၅၀၀၊ အသင့်စား ခေါက်ဆွဲခြောက်တွေ အိမ်ခြေ ၂၅၀ အတွက် လှူဒါန်းမယ်ဆိုပါတယ်။ ဒါ့ပြင် ဖျားနာ၊ အစာအိမ်၊ ယားနာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ဆိုင်တဲ့ ဆေးဝါးအစုံ၊ ဓာတ်ဆားတွေ၊ လက်သန့်ဆေးရည်ဘူးတွေ၊ လိမ်းဆေးတွေ၊ ကျား/မ ကလေး အဝတ်အထည်ပေါင်း (၆၀၀) ကျော်၊ စောင်အထည် (၅၀) ကျော်၊ ခေါင်းအုံး၊ ဖက်လုံးတွေနဲ့ လေဒဏ်မိုးဒဏ်ခံနိုင်ဖို့ အမိုးအကာ/တာလပတ်တွေ၊ ဆိုလာမီးလုံးတွေ၊ ဇလုံ အစရှိတဲ့ လိုအပ်မယ့်ပစ္စည်း ကျပ်သိန်း ၁၆၀ ကျော်ဖိုးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမယ်လို့ ဆိုပါတယ်။

ရဲရင့်မောင်မောင်တို့က ပြီးခဲ့တဲ့လပိုင်း ပထမအကြိမ် တောင်ငူမြို့နယ်တွေရှိ ရေဘေးသင့်ကျေးရွာတွေ ဖြစ်တဲ့ ထန်းတပင်၊ ဝါးထီးရွာ၊ ညောင်ဝိုင်းဘုရားကျောင်း စတဲ့နေရာမှာသွားရောက်ပြီး စားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေကိုလည်း လှုဒါန်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *