September 27, 2024

၂၇. ၉. ၂၀၂၄
Written by Nay Moe

ရာအိမ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် လူ ငါးဦးကို PDF များက တစ်နေ့တာအတွင်း သတ်ဖြတ်မှု စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက် ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အောင်လံမြို့နယ်၊ တလုပ်ပင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ဆွေ(၄၃) နှစ်သည် ကျောက်ဆွယ်ကျိုးကျေးရွာနေ ကိုဇော်မျိုးဦး (၂၇) နှစ်၊ ရွာထောင်ရပ်ကွက်နေ ဦးမိုးနိုင် (၃၉) နှစ်နှင့်အတူ အဆိုပါရပ်ကွက်ရှိ ဒေါ်စိုး(စိစစ်ဆဲ)၏နေအိမ်၌ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဆွေနှင့် ကိုဇော်မျိုးဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမိုးနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ (၁၈)မိုင်ကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမောင်သိန်း(ခ)မောင်သိန်း (၅၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး (၁၈)မိုင်ကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ဖြူသစ်တောကြိုးဝိုင်းအနီးအရောက် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမောင်သိန်း(ခ)မောင်သိန်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖောင်းကားကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာနေ မမိုးဆွေ (၃၅)နှစ်သည် ၎င်း၏နေအိမ်မှ ဖောင်းကားကျေးရွာသို့ နတ်ထားကျေးရွာနှင့် ဖောင်းကားကျေးရွာ ကြားရှိ ကျေးရွာချင်းဆက် လမ်းအတိုင်း တစ်ဦးတည်းခြေလျင်ထွက်ခွာလာစဉ် ဖောင်းကားကျေးရွာ အနီးအရောက် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် မမိုးဆွေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များအပြင် စက်တင်ဘာ ၂၄ ရက် ည ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခမ်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးသိန်းဦး(၆၁)နှစ် သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသိန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ရာအိမ်မှူးဦးသိန်းဦးကို သတ်ဖြတ်သည့် PDF အဖွဲ့မှာ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲနှင့် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ (၁) Dragon Brothers အဖွဲ့တို့ဖြစ်ကြောင်း သတ်ဖြတ်သည့် PDF နှစ်ဖွဲ့က ဝန်ခံထားပြီး MT News က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *