September 27, 2024

၂၇. ၉. ၂၀၂၄/ Written by Nay Moe

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်မှာ တရုတ်ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ပြီးနောက်မှာ MNDAA အဓမ္မတိုက်ခိုက်သိမ်းယူထားတဲ့ လားရှိုးမြို့ကို ဒီမနက်မှာ ၈ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ပြီးသွားပြီလို့ MNDAA က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်မှာပဲ စက်တင်ဘာ ၈ ရက်နေ့နဲ့ စက်တင်ဘာ ၉ ရက် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသလို စက်တင်ဘာ ၁၀ ရက်၊ ၁၃ ရက်နဲ့ ၂၁ ရက်မှာလည်း တိုက်ခိုက်ခံခဲ့ရတဲ့အပြင် စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နှစ်ရက်ဆက်အပြင် ဒီနေ့ ၂၇ ရက်မနက်မှာပါ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

အရင်ရက်တွေက တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအားလုံးဟာ MNDAA လက်နက်ကိုင်တွေ စခန်းချနေတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေဖြစ်တဲ့ ကျောင်း၊ ထွေအုပ်ရုံး၊ အားကစားရုံနဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေဇိမ်ခံရာ ဟိုတယ်တွေဖြစ်ပြီး ဒီနေ့ ၂၇ ရက် တိုက်ခိုက်မှုကတော့ MNDAA က လားရှိုးကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ရေးမှာ အရေးပါတဲ့ အစားအစာကွင်းဆက်ဖြန့်ဖြူးရာမြို့မစျေးကိုဖြစ်ပြီး ချယ်ရီရုံပေါ်ကျရာမှာ မီးလောင်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒီမနက် ဗုံးကြဲတိုက်ခိုက်မှုဟာ နံနက် ၃ နာရီခွဲဝန်းကျင်မှာ သုံးလုံးကြဲသွားတယ်လို့ သိရပြီး မြို့မစျေး၊ ချယ်ရီရုံအပြင် ရပ်ကွက် (၁) ၊ နယ်မြေ ၈ ကျောက်တောင်ဘက်မှာထိခိုက်တယ်လို့ လားရှိုးအခြေစိုက် FYV က ဖော်ပြထားသလို အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။

လားရှိုးမြို့ဟာ တရုတ်ကိုးကန့် MNDAA နဲ့ PDF တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နဲ့ ဖော်ဆောင်လာတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးထောင် ဖောက်ထွင်းတိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၅၀၀ လောက် သေကြေခဲ့ရသလို MNDAA ထိန်းချုပ်အပြီးမှာလည်း ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဗမာလူမျိုးပိုင်ပစ္စည်းဥစ္စာတွေ သိမ်းယူမှု၊ ဗမာလူမျိုးအဝင်မခံမှုတွေ ပြုလုပ်နေတဲ့ တိုက်ပွဲဖြစ်ဆဲမြို့လည်းဖြစ်တဲ့အပြင် ဒီလိုအကြမ်းဖက်ပြီး နယ်မြေလုနေတဲ့ MNDAA အဖွဲ့အစည်းလို နေရာမျိုးမှာ ဆက်နေရင် ပြည်သူတွေထိခိုက်နိုင်ခြေရှိလို့ ရှောင်ရှားဖို့လည်း သတိပေးခံထားရတဲ့ နယ်မြေဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *