September 26, 2024

၂၆.၉.၂၀၂၄
Written by Hey Mar

မွေးစားအဖေက မုဒိမ်းကျင့်နှိပ်စက်သလို၊ မွေးစားအမေကလည်း ကိုယ်အင်္ဂါထိခိုက်အောင် နှိပ်စက်ခံရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးရိုးမ ပေါက်တောကျေးရွာ အုပ်စုက ငါးနှစ်အရွယ် သမီးငယ် မီးငယ်(အမည်လွှဲ)ရဲ့ အမှုကို အုပ်တွင်းရဲစခန်းက ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ အမှုဖွင့်လှစ်ကာ ကျူးလွန်သူတရားခံ လင်မယားကိုလည်း ဖမ်းဆီးချုပ်နှောင်လိုက်တယ်လို့ အမှုကို အစအဆုံးလိုက်ပါကူညီနေတဲ့ Save The Trees Recuse Team မှ ကိုကျော်သူရက MT News ကို ပြောပါတယ်။

အသက် ငါးနှစ်အရွယ် ကလေးငယ်ကို မွေးစားမိဘတွေက နှိပ်စက်ကာ မွေးစားအဖေက သားမယားပြုကျင့်မှု ငွေကျပ် ၄ သိန်းယူကာ နှုတ်ပိတ်နေဖို့ အဘိုးအဘွားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူက ခြိမ်းခြောက်ညှိနှိုင်းပေမယ့် လက်မခံဘဲ အရဲစွန့်ကာ တောင်ငူမြို့ပေါ်တက်လာတဲ့ မြေးအဘိုးကို တရားဥပဒေအကြောင်းအရ ‌Save The Trees Rescue Team မှ အကူအညီပေးနိုင်ရေး စက်တင်ဘာ ၂၄ရက်နေ့ကတည်းက ကြိုးစားပေးနေပြီး ဒီနေ့ စက်တင်ဘာ ၂၆ ရက်‌နေ့မှာတော့ အမှုတည်ဆောက်ဖို့ လုံလောက်တဲ့ အချက်အလက်တွေ စုစည်းရရှိပြီမို့ ‌အုတ်တွင်းရဲစခန်းက တာဝန်ရှိသူတွေက အမှုကိုလက်ခံကာ တရားခံကို ဖမ်းဆီးပြီး နှစ်ပတ် ရမာန်ယူထားတယ်လို့ သိရပါတယ်။

Save The Trees Rescue Team မှ ကိုကျော်သူရက ” အခုတော့ အားလုံး ရှောရှောရှူရှူပါပဲ။ အမှုဖွင့်တယ်။ ကျွန်တော် ဒီဘက်မှာ မှုခင်းဆရာဝန်ကြီးနဲ့ လိုအပ်တဲ့ဆေးစစ်ချက်တွေ ယူတယ်။ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက် မှတ်ချက်ပေါ်မူတည်ပြီးတော့ အမှုအကြံပေးကနေပြီး ဘာပုဒ်မ တပ်မယ်ဆိုတာကို သူတို့ တိုင်ပင်ကြမယ်ပေါ့နော်၊ အမှုက စဖွင့်လိုက်ပြီပေါ့” လို့ ပြောပါတယ်။

ကျူးလွန်သူ မွေးစားမိဘနှစ်ဦးစလုံးကို ဖမ်းဆီးထားပြီး ရမန်ကြီး နှစ်ပတ် ရဲစခန်းက ရယူကာ နှစ်ပတ်ပြည့်မြောက်ရင် တရားရုံးတင်စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ ကျူးလွန်ခံရသူ မီးငယ်ရဲ့ ရဲမှုခင်းဆေးစစ်ချက်အဖြေကိုတော့ လတ်တလော ထုတ်ဖော်လို့မရသေးဘဲ၊ တွေ့ရှိထားတဲ့ ပြင်ပဒဏ်ရာတွေနဲ့ ကလေးရဲ့ ထွက်ဆိုပြောပြချက်တွေက မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ် ထဲကို ရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ ရှို့ကြောင်း၊ ထမင်းအငတ်ထား‌ကြောင်း၊ မျက်နှာကိုလက်သီးနဲ့ထိုးတာ‌ကြောင့် သွားတွေကျိုးပြီးသွားဖုံးတွေကွဲသွားကြောင်းစသဖြင့်‌ ပြောပြပြီး မြင်သာတဲ့ ဒဏ်ရာတွေအပါအဝင် ကလေးမှာ ဒဏ်ရာအမြောက်အများ ရရှိထားတာကို တွေ့မြင်ရတာပါ။

အုတ်တွင်းရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် MT News က ဆက်သွယ်မေးမြန်းရာမှာတော့ စခန်းမှူးက အမှုကိုဖွင့်လှစ်ထားပြီဖြစ်ကြောင်းနဲ့ ဆက်လက်စစ်ဆေးဖို့ လိုအပ်သေးတဲ့အတွက် အသေးစိတ် ပြောပြလို့ မရနိုင်သေးကြောင်း၊ တရားခံနှစ်ဦးစလုံးကိုလည်း ဖမ်းဆီးထားကြောင်း ပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *