September 26, 2024

၂၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးက ရလိုက်တဲ့အရေးအကြီးဆုံးသင်ခန်းစာဟာ နှစ်နိုင်ငံအနေနဲ့ လက်တွဲဖက်တွေသာဖြစ်သင့်ပြီး ပြိုင်ဘက်ရန်သူအဖြစ် မရောက်သင့်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နယူးယော့ခ်မြို့မှာ အမေရိကန်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာလ ၂၅ ရက်က တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိက နယူးယော့ခ်မြို့မှာ ကုလသမဂ္ဂ၊ အထွေထွေညီလာခံသို့တက်ရောက်စဉ် အမေရိကန်-တရုတ်ဆက်ဆံရေး အမျိုးသားကော်မတီ၊ အမေရိကန်-တရုတ်စီးပွားရေးကောင်စီ၊အမေရိကန်ကုန်သည်ကြီးများအသင်း၊ Aspen Institute၊ အာရှအဖွဲ့အစည်းနဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီစတဲ့ အမေရိကန်နိုင်ငံရဲ့ ကောင်စီတွေက ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေးပြုလုပ်တုန်းမှာ ပြောခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ဝမ်ယိက အမေရိကန်ဘက်ကလည်း တရုတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုပြုနိုင်တဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ သူက တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက်ခြင်းသာဖြစ်ပြီး အမေရိကန်အတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ စိန်ခေါ်မှုတစ်ရပ်မဟုတ်ပါဘူးလို့လည်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင်တွေလည်းဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေလည်းဖြစ်‌ကြတဲ့ တရုတ်နဲ့ အမေရိကန်တို့ဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတည်ငြိမ်အောင်၊ ခိုင်မာအောင်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ကြပြီး၊ ယနေ့ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ဖြေရှင်းသွားသင့်ကြတယ်လို့လည်း ဝမ်ယိက အလေးထားပြောကြားသွားပါတယ်။

နောက်ဆုံးအနေနဲ့ ဝမ်ယိက နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုနဲ့ အားထားယုံကြည်မှုတွေ တိုးမြင့်လာစေဖို့ အမေရိကန်အနေနဲ့ ဦးတည်ချက်တစ်ရပ်ခံယူပြီး တရုတ်နိုင်ငံအပေါ် ယုတ္တိတန်တဲ့နားလည်မှု ပြုလုပ်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့လည်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

Ref- Xinhuanet

Leave a Reply

Your email address will not be published. Required fields are marked *